21 January 2012

အိမ် မပြန်ဖြစ်တဲ့ နှစ်ကူးရာသီ

အိမ် - ၁
ငယ်ဘ၀က
ကြယ်တွေ
နတ်သမီး ပုံပြင်လို။
-၂၂ အောက်တိုဘာ ၂၀၁၁-

အိမ် - ၂
ရိုးရှင်းတဲ့ သမိုင်း
ခြားနားတဲ့ ပုံပြင်
လူတိုင်း ပိုင်ဆိုင်စေခဲ့။
-စက်တင်ဘာ ၂၀၁၁-


အိမ် - ၃
အနီးဆုံးကနေ
အဝေးကြီးကို
လှမ်းကြည့်ခဲ့ဖူးတယ်
အဝေးကြီးကနေ
အနီးခဲ့ဆုံးကို
မှန်းကြည့်တတ်စေတယ်
အဝေးမှုန် အနီးကန်းသမားတွေရဲ့
တေးသွားတွေ ပိုင်စိုးတယ်။
-စက်တင်ဘာ ၂၀၁၁-

အိမ် - ၎
မျှော်လင့်ချက်တွေများတယ်
စမ်းသပ်မှုတွေများတယ်
စိတ်ထင်ရာမစိုင်းပေမယ့်
လေသင့်ရာရွှေ့တဲ့ တိမ်လှိုင်းတွေလို
ဝေးဝေးပြေး မြင့်မြင့်ပျံ
ကမ်းခြေကို ပြန်မရောက်နိုင်ခဲ့။
-စက်တင်ဘာ ၂၀၁၁-

အိမ် - ၅
လွမ်း မနေပါဖူး
သတိလည်း မရဖူး
ခံစားချက်လည်း မရှိဖူး
"အိမ်" လည်း မဟုတ်ဖူး။

အိမ် - ၆
ကြယ်တွေလိုလည်း မကြွေဆင်းခဲ့
ကြယ်တွေလိုလည်း မပျောက်ဆုံးခဲ့
ကြယ်တွေလိုပဲ နီးမလာခဲ့။
လွတ်လပ်ခြင်းတွေ အထဲမှာရှိရက်နဲ့
ငါက
အပြင်ဘက်မှာ လိုက်ရှာနေခဲ့။
-၂၆ အောက်တိုဘာ ၂၀၁၁-

အိမ် - ၇
ကန့်သတ်မဲ့ မျှော်လင့်ချက်နဲ့
ဝေးဝေးပြေးနေတဲ့ ခြေနှစ်ချောင်း။
ကန့်သတ်မဲ့ ယုံကြည်ချက်နဲ့
လှမ်းလို့ကြိုမယ့် လက်နှစ်ဖက်။
အချိန်တွေကပဲ
ကန့်သတ်ဖို့ လိုနေခဲ့။

အိမ် - ၈
ပျောက်ဆုံးသွားတဲ့ အသံတွေနဲ့
မရပ်မနား ပဲ့တင်သံတွေ။

အိမ် - ၉
တစ်ခြမ်းပဲ့
လမင်းကို ကြည့်ရင်း
ကျန်တဲ့တစ်ခြမ်း ရှိမှန်းသိရက်နဲ့
ရူးမိုက်စွာ တောင့်တနေမိခဲ့။
-၁၁ နိုဝင်ဘာ ၂၀၁၁-

အိမ် - ၁၀
စိတ် အဆာပြေ စကားလုံးတွေနဲ့
ကိုယ့်ကိုယ်ကို ထောင်ဖမ်း
မုဆိုးလည်း ကိုယ်
သားကောင်လည်း ကိုယ်။
-၁၅ နိုဝင်ဘာ ၂၀၁၁-

ငယ်ဘ၀က
ကြယ်တွေ
ဝေးဝေးမှာ
ကျန်ရစ်ခဲ့တဲ့အခါ....။
-ဂျွန်မိုးအိမ်-
21 January 2012


10 December 2011

ဒီဇင်ဘာမှာ အလင်းအတုတစ်ချို့ လင်းလင်းမြမြ


စကားချက်။ ။ ဒီဇင်ဘာဟာ ကျွန်တော့်ရဲ့ ဆိပ်ကမ်းလေးကို အေးစက်လွန်းစွာနဲ့ ချဉ်းကပ်လာခဲ့သလိုပါပဲ။ ဒီဇင်ဘာဟာ ပထမဆုံးနေ့ကတည်းကနေ ခါးသက်လွန်းခဲ့တယ်။ ဒီဇင်ဘာဟာ အသက်ရှုမှားလောက်အောင် ကတိုက်ကရိုက်ဆန်ဆန် ၀င်ရောက်လာတဲ့ အချိန်ရှားပါးမှုဘောင်တစ်ခုထဲ ကိုယ့်ကိုယ်ကို မောင်းသွင်းနေစေခဲ့တယ်။ ဒီဇင်ဘာဟာ အရင်လို မွန်းကြပ်မှုတွေနဲ့ လွတ်လပ်မှု အတွေးတွေအပေါ် စကားလုံးမှားဖို့တောင် ခက်ခဲနေစေခဲ့တယ်။ ဒီဇင်ဘာဟာ ကျွန်တော် ခိုနားနေမိတဲ့ ကျွန်းအတု သေးသေးလေးပေါ်မှာ အနှစ်သာရမဲ့စွာ ကုန်ဆုံးသွားပြန်ဦးမယ် ထင်ပါတယ်။ ဒီချိန်ဆို ဟိုးအဝေးတစ်နေရာက အိမ်လေးအပေါ် နှင်းတွေဝေနေပြီ ထင်ပါရဲ့။

Hardworking is better policy to forget unwanted feeling. :) အလုပ်များနေတဲ့အခါ ဒီလိုပဲ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိတယ်။

02 December 2011

အတောင်တူသော ဌက်များ အတူတူ ပျံသန်းနေကြသည်...



အွန်လိုင်းလောက။ တစ်နည်းအားဖြင့် Virtual World!

အကန့်အသတ်မဲ့သော လေထုအတွင်းမှာ ဖွဲ့တည်ထားတဲ့ media တစ်ခုသည် ကျွန်တော်တို့ နေ့စဉ် လူနေမှုဘ၀အတွင်းသို့ တိုးဝင်လာခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ ထို့အတူ Website များ၊ Blog များ၊ Forum များဖြင့် အသွင်ပုံစံ အမျိုးမျိုး ကွဲပြားနေသော Virtual World အတွင်း နေ့စဉ် ထိတွေ့နေမိသော ပတ်ဝန်းကျင်သည်လည်း မတူညီနိုင်ကြပေ။ သို့ပေမယ့် ကျွန်တော်တို့သည် စိတ်ဝင်စားရာ နေရာတစ်ခုဆီသို့ ဦးတည်လျက် စုဝေးမိတတ်ကြသည်။ တစ်နည်းအားဖြင့် အတောင်တူသော ငှက်များသည် အတူတူ ပျံသန်းတတ်ကြသည့် သဘောဖြစ်သည်။ ထိုအထဲမှာမှ MEF!

_._._._._._._._._._._._._._._._._._.

MEF ကို ဘာကြောင့် သုံးနေကြတာလဲဆိုတာ လူတိုင်းမှာ သူ့ အကြောင်းတရားနဲ့သူတော့ ရှိကြမည် ထင်ပါသည်။ လိုချင်သော ဗဟုသုတ၊ အချက်အလက်တို့ကို လိုက်လံရှာဖွေမည်။ မိမိသိထားခဲ့သော အချို့အရာကိုလည်း သူတပါးအတွက် အကျိုးတစ်ခုဖြစ်ပါစေရယ်ဖြင့် ချန်ထားရစ်ခဲ့မည်။ Online discussion လုပ်သော နေရာလေး တစ်ခုအဖြစ် ဖွဲ့တည်ပြီး လုပ်ငန်းခွင် ပြသနာတစ်ချို့ကို တိုင်ပင်နည်းနောမည်။ စိတ်ဝင်စားသော အကြောင်းအရာ တစ်ချို့ကို ရှုထောင့်အဖုံဖုံမှ သုံးသပ်ဆွေးနွေးမည်။ ထိုထိုအစရှိသည့် အကြောင်းအရာတို့ထက် ပိုသော အဓိပ္ပါယ်များဖြင့် MEF တွင် စကားလုံးတွေ အများကြီး ရှိနေသည်။ MEF တွင် အဖွဲ့ဝင်အများစု ရှိနေသည်။ MEF တွင် ရည်ရွယ်ချက်များစွာ ရှင်သန်နေသည်။
MEF အတွင်းတွင် အတွေ့အကြုံ နုနယ်သော မျိုးဆက်သစ် အင်ဂျင်နီယာများစွာ ရှိနေသည်။ စာရွက်ပေါ်မှ လေ့လာခဲ့သော ပညာရပ်များအား လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံမှ ရသောပညာများဖြင့် နှိုင်းယှဉ်ပြီး သင်ယူနေသော မျိုးဆက်ထမ်း အင်ဂျင်နီယာများစွာရှိသည်။ အတွေ့အကြုံ အတော်အသင့်ရရှိပြီး မဆုံးသော လေ့လာခြင်းမျိုးဖြင့် ဆက်လက် လေ့လာနေသော မျိုးဆက်မြင့် အင်ဂျင်နီယာများစွာ ရှိသည်။ Professional များ ရှိသည်။ Learner များ ရှိသည်။ Student များ ရှိသည်။ နေရာပေါင်းစုံကလူတွေ၊ အတွေးပေါင်းစုံနှင့် ခံယူချက်ပေါင်းစုံသည် MEF အတွင်း မျှောပါစီးဆင်းနေခြင်း ဖြစ်သည်။

_._._._._._._._._._._._._._._._._._.

MEF ကောင်းကင်အတွင်း ပျံသန်းနေသော ငှက်ငယ်များသည်လည်း အသွေးအရောင် မတူညီသကဲ့သို့ တောင်ပံကိုယ်စီ၏ အားမာန် တို့သည်လည်း မတူညီကြပေ။ တစ်ချို့က လက်တွေ့ အတွေ့အကြုံတွေကို ဆွေးနွေးရသည်ကို အားသန်သည်။ တစ်ချို့က မိမိ လေ့လာချိန် တခဏ လေ့လာမိသမျှ အနည်းအကျဉ်းရှိလည်း ဗဟုသုတဝေမျှရသည်ကို အားသန်သည်။ တစ်ချို့က ခွန်းထောက်စကားဆိုရင်း တစ်ဦးကို တစ်ဦး ပိုပြီးလေ့လာနိုင်အောင် support လုပ်ကြပေးတတ်ကြသည်။ အကောင်းအဆိုး အကြောင်းအကျိုးတွေ ဒွန်တွဲနေသကဲ့သို့ တစ်ချို့ကလည်း လျှောက်ပြော,လျှောက်ဖောတတ်ကြသည်။ လမ်းသစ်ကို ဖောက်သော ငှက်ငယ်များလည်း ရှိသည်။ လမ်းကြုံ လေဟုန်စီးနေသော ငှက်ငယ်များလည်း ရှိသည်။ MEF အတွင်းရှိ ဆွေးနွေးချက်တစ်ချို့သည် နှစ်ပေါင်းများစွာ အတွေ့အကြုံ လေ့လာမှုမှ အရင်းတည်လာရသည်။ ဆွေးနွေးချက် တစ်ချို့သည် လက်ရှိအချိန်ကာလအတွက် လိုအပ်သော ဗဟုသုတများကို မီးမောင်းထိုးပြတတ်သည်။ ဆွေးနွေးချက် တစ်ချို့သည် ပညာရပ်ပိုင်းဆိုင်ရာထက် သိသင့်သိအပ်သော ရှိသင့်ရှိအပ်သော စိတ်ဓါတ်အတွေးအခေါ်များကို ပေးထားခဲ့တတ်သည်။ နေရာ၊ ကာလ၊ ဒေသနှင့် ဆွေးနွေးသူ၊ လက်ခံသူအပေါ်မူတည်ပြီး MEF သည် အတိုင်းအတာတစ်ခုအထိ အကျိုးပြုလျက် ရှိသည်ကိုတော့ လက်ခံရမည်သာ ဖြစ်သည်။

_._._._._._._._._._._._._._._._._._.

သေချာသည်မှာ ကျွန်တော်တို့သည် ဘာကိုမျှ အာမခံချက်ပေးမထားသော လေထုတစ်ခုအတွင်းမှာ တစ်ဦးရေးသော ဆွေးနွေးချက်မှ အခြားတစ်ဦးနှင့် သိကျွမ်းလာကြသည်။ MEF တွင် အများစုသည် တစ်ဦးဆွေးနွေးသော ဆွေးနွေးချက်မှ အခြားတစ်ဦးကို လှမ်းကြည့်တတ်ကြတယ်။ ဆွေးနွေးချက်တစ်ခုတွင် ပညာရပ်ပိုင်းဆိုင်ရာ အသိပညာ ဗဟုသုတများ ပါဝင်မည်။ ဆွေးနွေးသူ၏ စိတ်ဓါတ် အခြေခံ သဘောတရားများ ပေါ်လွင်မည်။ သေချာသည်မှာ လူတစ်ယောက်၏ တန်ဖိုးနှင့် အဆင့်အတန်းသည် ထိုသူရေးသားခဲ့သော စကားလုံးများက ပြောပြပါလိမ့်မည်။ တစ်ချို့သူများသည် အရေးအသား ကောင်းတတ်ကြသည်။ တစ်ချို့သူများသည် ပင်ကိုယ်အရည်အချင်းရှိသော်လည်း အရေးအသား မကျွမ်းကျင်တတ်ကြ။ အရေးအသား ပညာသည် ပညာရှင် မဟုတ်သော ပညာသင်တို့၏ နယ်ပယ်တွင် အထူးအထွေ အရေးမကြီးပေ။ အရေးကြီးသည်မှာ ဆွေးနွေးသူသည် မိမိဆွေးနွေးချက်ကို မိမိ တာဝန်ယူရဲရပေမည်။ Nick name တစ်ခုနှင့် ရပ်တည်နေသော ၀န်းကျင်တစ်ခုဟု ဆိုသော်လည်း ထိုနာမည်များသည် ကျွန်တော်တို့ရဲ့ mirror life များလည်း ဖြစ်သည် မဟုတ်ပါလား။

MEF သည် ကောင်းကင်တစ်ခုဖြစ်လျှင် ထို အဆုံးအစမဲ့ ကောင်းကင်အတွင်း လင်းလက်နေသော ကြယ်လေးများသည် သေးငယ်သည်၊ ကြီးကျယ်သည်၊ ခန့်ထည်သည်၊ ၀ံ့ကြွားသည် ဆိုသည်ထက် MEF ကို ချစ်သောစိတ်ဓါတ်ဖြင့်သာ ရှင်သန်နေခြင်းဖြစ်သည်။ MEF တွင် သတ်မှတ်ထားသော အရောင်များ၊ member အဆင့်အတန်းများသည် လူတစ်ယောက်၏ စိတ်ဓါတ်နှင့် ပညာအရည်အချင်းကို တိုက်ရိုက် ဖော်ပြနေခြင်းမဟုတ်။ MEF သည် အသွေးအသား ကာလာ မခွဲခြား၊ အနိမ့်အမြင့် ပညာ စည်းတား မထားပဲ အားလုံးသော မောင်နှမတွေရဲ့ ဆိုင်ရာဆိုင်ရာ အိပ်မက်ဆီကို ရွက်ကြိုးတပ်ရင်း မတူညီတဲ့ ခရီးတွေကို အတူတူ မျှောလွင့်သွားဖို့ အားအင်တစ်ခု ပေးမည့်နေရာတစ်ခု၊ media တစ်ခု၊ Virtual World တစ်ခုဖြစ်ကြောင်း အချိန်ကာလတစ်ချို့က ပြောပြပေးခဲ့လေပြီ။

_._._._._._._._._._._._._._._._._._.

ကောင်းကင်ခရီးသွား ငှက်လေးများ အရောင်ကိုယ်စီ၊ လမ်းခရီးကိုယ်စီ၊ နားခိုရာ ကျွန်းကိုယ်စီ။ တစ်ချို့သည် တခဏ နားခိုရင်း အကြောင်းအမျိုးမျိုးဖြင့် ကာလရှည်ကြာ နားခိုလျက်။ တစ်ချို့သည် ဆက်လက်ထွက်ခွာလျက်။ အတောင်တူသော ငှက်များသည် အတူတူ ပျံသန်းနေကြပေဦးမည်။
ဂျွန်မိုးအိမ်
_._._._._._._._._._._._._._._._._._.

အောက်က link လေးကတော့ အချိန်တစ်ခုအတွက် အမှတ်တရအဖြစ်ပေါ့...။

MEF သုံးနှစ်ပြည့် အမှတ်တရ ဂျာနယ် ဒေါင်းရန်လင့်


ကျွန်တော် နဲ့ အတူ ဖြတ်သန်းဖူးတဲ့ MEF ရက်စွဲများအတွက် စာမျက်နှာတစ်ချို့ကိုတော့ အောက်မှာ စုစည်းထားလိုက်ပါတယ်..။ နောက်တစ်နှစ်မှာတော့ ဒီလို စာမျက်နှာများနဲ့ MEF မှာ ဖြတ်သန်းနိုင်မယ် မထင်ဖူး..။ ရှုပ်ထွေးနေတဲ့ time schedule များထဲမှာ MEF နဲ့ အချိန်တစ်ခုတော့ နေနိုင်ဖို့ ကျွန်တော် ကြိုးစားနေဦးမယ်ဆိုတာတော့ အသေအချာပါပဲလေ...။ နောက် ... ဒီတလော ကျွန်တော့်ရဲ့ ဆိပ်ကမ်းလေးဟာ အချိန်တစ်ချို့ကို recover ပြန်လုပ်နိုင်ဖို့အတွက်... အေးစက်နေဦးမယ် ထင်ပါတယ်..။


Happy Birthday MEF!

တောင်ညိုမှာ ပြိုမယ့်မိုး

အိုရီဂါမီ နံရံများ

စိ မ်း လ န်းေ သာ က မ္ဘာ

Super Potato Concept

12 November 2011

SPACE & thinking (ဟင်းလင်းခွင် နှင့် အတွေး)

ဟင်းလင်းခွင်တစ်ခုက 3D, 4D, 5D တွေနဲ့ ကျယ်ပြန့်နေကြောင်း ခံစားမိစေခဲ့တဲ့ သက္ကရာဇ်တွေ သိပ်မကြာခဲ့သေးဖူး...။ ဆက်စပ်နေခဲ့တဲ့ အချိန်တွေကို ပြန်တွေးကြည့်လိုက်ရင် အမှတ်ရရ ရှိစေခဲ့သူတွေတော့ များနေခဲ့ပြီ..။ ဘာကြောင့်ရယ်လို့ အကောင်အထည် မပြနိုင်ခဲ့ပါပဲ ဆုံစည်းခဲ့ကြတဲ့ ရပ်ဝန်းလေးတစ်ခုအတွင်းမှာ တွေးမိတာလေးတွေ၊ နားလည်မိတာလေးတွေအကြောင်း ပြောရင်း၊ ဆိုရင်း၊ တွေးရင်း၊ ငေးရင်းနဲ့ အချိန်ကာလတစ်ခုကိုလည်း ဖြတ်သန်းခဲ့ဖူးပြီ။ ဘာတွေကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပြီး ဘာတွေပျောက်ဆုံးခဲ့ကြတယ်ဆိုတာကတော့ တူညီကြမယ် မထင်ပါဖူး..။ သေချာတာတော့ အချိန်တစ်ချို့ကို အတူတကွ ကုန်ဆုံးခဲ့ကြရပါရဲ့။ လမ်းတွေတော့ မတူခဲ့ကြပါဖူး။ ဒီလိုပါပဲ...။ space တစ်ခုအပေါ် အမြင်တွေလည်း မတူညီကြဖူး။ ချဉ်းကပ်မှုတွေလည်း မတူညီခဲ့ကြဖူး။

"ဟင်းလင်းခွင် နှင့် အတွေး" လို့ ခေါင်းစဉ်လေး ပေးခဲ့ဖူးတယ်..။ တစ်ချိန်ကတော့ schedule လေးတစ်ခုနဲ့ ဟင်းလင်းခွင်လေးတွေကို ရှုထောင့်အဖုံဖုံကနေ လှမ်းကြည့်ကြဖို့ တိုင်ပင်ခဲ့ဖူးတယ်..။ အားလုံးက ခံစားမှုကို အားသန်လို့ပဲဖြစ်မယ်။ ကိုယ်စီကိုယ်စီ အတွေးလေးတွေကိုတော့ ပြောဖြစ်ကြပေမယ့် တွေးနေကြတာနဲ့တင် အချိန်တွေ လွင့်ပါးနေခဲ့တာ များခဲ့တယ်။ တကယ်တော့လည်း ဘယ်သူမှ ဟင်းလင်းခွင်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ကောက်ချက်ချနိုင်စွမ်း မရှိခဲ့ဖူးလေ..။ အရာအားလုံးဟာ ကိုယ်ကြည့်လိုက်တဲ့ ရှုထောင့်ကနေတော့ မှန်နေကြမှပါပဲ..။ အချိုးညီညီ ပေါင်းစပ်ဖို့ပဲ လိုမယ် ထင်ပါတယ်..။ ဒါကြောင့်လည်း အချင်းချင်း ပြောမိတာလေးတွေ၊ ဆွေးနွေးမိတာလေးတွေကို မှတ်မှတ်ရရဖြစ်အောင် စုစည်းခဲ့ပါတယ်...။

space တစ်ခုအပေါ် အမြင်တွေလည်း မတူညီကြဖူး။ ချဉ်းကပ်မှုတွေလည်း မတူညီခဲ့ကြပါဖူး။ ဒီ "ဟင်းလင်းခွင် နဲ့ အတွေး" မှာ အများဆုံး ဆွေးနွေးခဲ့သူကတော့ MTZO ပါပဲ..။ နောက် resource reference တွေကိုလည်း အများဆုံး ရှာဖွေစုဆောင်းပေးခဲ့တယ်..။ ကျွန်တော် နဲ့ ကို MMO ကတော့ ဒီ reference အများစုပေါ်မှာ တွေးလိုက် ရေးလိုက်နဲ့ အချိန်ကုန်ခဲ့တာ ပိုများမယ် ထင်ပါတယ်...။ Design and Ideology _ 1st Newsletter နဲ့ "ဟင်းလင်းခွင် နှင့် အတွေး" ကို ပြန်ကြည့်လိုက်ရင် အချိန်တစ်ခုမှာ ချဉ်းကပ်မှုတွေ မတူညီနိုင်ခဲ့ဖူး။ သို့ပေမယ့် အားလုံးရဲ့စိတ်မှာ Space တွေကို ချစ်မြတ်နိုးတာတော့ ကွာခြားချက် ရှိမယ် မထင်ပါဖူး။

MEF ရဲ့ သုံးနှစ်ပြည့်မှာတော့ ဒီ အတွေးလေးတွေကို စာလေးတစ်ပုဒ်အဖြစ် မှတ်တမ်းတင်ဖို့ စိတ်ကူးခဲ့ပါတယ်...။ ဒါကလည်း ကျွန်တော်တို့ရဲ့ Space တစ်ခုအပေါ် ချဉ်းကပ်မှုတွေကို မပျောက်ဆုံးစေချင်တာကြောင့်လည်း ပါပါတယ်..။ နောက်.. ကျွန်တော်တို့အတွက် reference တွေ အများဆုံး ရှာဖွေပေးတဲ့ MTZO ကို ကျေးဇူးတင်ရတဲ့အနေနဲ့ လက်ဆောင်ပေးဖြစ်ခဲ့ပါတယ်..။ personally အရဆိုရင်တော့ MEF အတွက်လည်း အမှတ်တရ၊ DI အတွက်လည်း အမှတ်တရ၊ နောက်ဆုံး ကျွန်တော်တို့ရဲ့ အချိန်တစ်ခုအတွက်လည်း အမှတ်တရဖြစ်ရတယ်လို့ ယုံကြည်မိပါရဲ့။

"ဟင်းလင်းခွင် နှင့် အတွေး" တဲ့။ နောင်တစ်ချိန် ပြန်ကြည့်တဲ့အခါ မတူညီတဲ့ dimension တွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားပါဦးမယ်။

special thanks to MTZO & MMO!
-ဂျွန်မိုးအိမ်-




"ဟင်းလင်းခွင် နှင့် အတွေး"


ချိုးနှစ်ကောင်၊
ထနောင်းပင်ညီနောင်က၊ လွမ်းအောင်ကူချွဲ။
ပန်းတော်ဖြူ၊ ပင်မြက်နေဇာထူလှတယ်၊
ဖိုးတောင်သူ့တဲ။
အညာ ကျေးလက်ဒေသနေ တောင်သူလယ်သမားကြီးတစ်ဦး၏ လယ်တဲလေးကို ရေးဖွဲ့ထားသော ဒွေးချိုး ကဗျာလေးသည် ယနေ့တိုင် စိတ်အတွေးထဲ စွဲထင်နေဆဲ။ ထနောင်းပင်ညီနောင်ထံမှ ချွဲချွဲနွဲ့နွဲ့ ကူလိုက်သော ချိုးလေးနှစ်ကောင်၊ ထူထူဆိုင်းဆိုင်း ပေါက်ရောက်နေမည့် ပဒေါ်မြက်အုပ်များနှင့် လယ်တဲငယ်ငယ်လေးအကြောင်းကို ကဗျာလေးက ပြောပြနေသည်။ ကဗျာလေးကို ရွတ်လိုက်တာနှင့် လယ်တဲငယ်ငယ်၊ ထနောင်းညီနောင်နှင့် ချိုးမောင်နှံတို့ဖြင့် အညာဒေသ ဟင်းလင်းခွင်လေး၏ အသွင်အပြင်ကို မြင်ယောင်မိစေသည်။ တစ်နည်းအားဖြင့် ခေတ်ကို ထင်ဟပ်နေသော၊ အချိန် ကာလ နေရာ ဒေသ တို့ကို ပြောပြောနေသော ကဗျာလေးဖြစ်သည်။ ရိုးရှင်းသော ပန်းချီကားတစ်ချပ်ကို စိတ်ဝိဥာဉ်တွင် ခံစားတွေ့နိုင်သည်။ သို့ဆိုလျှင် ဟင်းလင်းပြင် တစ်ခုအတွင်း ဖြစ်ပေါ်လာသော အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု များသည် စာပေ၊ ဂီတ အနုပညာများဖြင့် ပုံတူကူးရေးနိုင်သည်လား။ ပန်းချီ၊ ပန်းပုများဖြင့် အသွင်ပြောင်း ထုဆစ်နိုင်သည်လား။ ဟင်းလင်းခွင်တို့အား ဖန်တီးအလှဆင်မှုသည် အနုပညာလေလား၊ အတတ်ပညာလေလား။ ရိုးရှင်းသော ကဗျာလေးအပေါ် အတွေးနယ်ချဲ့မှုများစွာဖြင့် စိုးမိုးသွားမိသည်။ သေချာသည်မှာ ခံစားသိဖြင့် သိနိုင်သော အနုပညာ၊ လိုအပ်မှုဖြင့် ဖန်တီးနိုင်သော အတတ်ပညာများသည် လူသားတို့၏ နှလုံးအိမ်ကို အစဉ်ထာဝရ စွဲဆောင်နေမည်သာ။

_._._._._._._._._._._._._._._._.

"ဟင်းလင်းခွင် နှင့် ရှင်းလင်းဖြေဆိုမည့် ပြဿနာ"

Fine Arts အနုပညာတို့သည် သူ့ဆန္ဒ သူ့သဘောဆောင်ပြီး ခံစားမှုကို လွတ်လပ်စွာ ဖန်တီးခွင့်ရှိသည်။ အနုပညာသည် သူ့ဘ၀၊ ခံစားမှုကို ဖော်ထုတ်ခြင်းသည် သူ့အလုပ်ဖြစ်သည်။ သူ၏ နောက်ဆုံး workdone, သူ့ဖန်တီးမှု၏ နောက်ဆုံးအဖြေသည် သူတည်း တစ်ယောက်နှင့်သာ သက်ဆိုင်နေသည်။ ဟင်းလင်းကို ဖွဲ့ဆိုသူ ဒီဇိုင်းပညာရှင်တို့အတွက်မှု သူ၏ တစ်သီးပုဂ္ဂလိက ဆန္ဒထက် Client (အလုပ် အပ်နှံသူ) ၏ စိတ်ကူးနှင့် လိုအပ်မှုကို စနစ်တကျ အဖြေရှာ၍ လူအများလက်ခံအောင် ဖန်တီးပေးမှုသည် သူ့ဘ၀၊ သူ့အလုပ်၊ သူ့အနုပညာ ဖြစ်သည်။ ထို့အတွက် ဟင်းလင်းခွင် (Space) တစ်ခုကို ဖန်တီးပြုလုပ်ခြင်းသည် ပြဿနာတစ်ခုအား ရှင်းလင်းဖြေဆိုခြင်းနှင့် သဏ္ဌာန်တူပေသည်။ ဟင်းလင်းတစ်ခု၏ ထုထည်အတွင်း ကျွန်တော်တို့ လှုပ်ရှားသွားလာနေထိုင်သည်။ ပုံသဏ္ဌာန်အမျိုးမျိုးကို ကြည့်မြင်ခံစားလိုသည်။ နှစ်လိုဖွယ် အသံအမျိုးမျိုးကို ဖန်တီးနားဆင်လိုသည်။ လေပြေလေညင်းလေးများ ထိကပါး ရိကပါး ကျီစားတာကို ခံစားနိုင်လိုသည်။ နေရောင်ခြည်မှ တဆင့်ရရှိသော နွေးထွေးသော အထိအတွေ့ကို လိုလားသည်။ အချိန်တန် ပွင့်လန်းလာသော့ ပန်းရနံ့လေးများကို ခံစားလိုသည်။ ထို့အတွက် ဒီဇိုင်းပြုလုပ်ခြင်းသည် ဟင်းလင်းပြင်အတွင်း အသုံးပြုသူများ၏ အဆင်ပြေချောမွေ့မှု , အသုံးဝင် အကျိုးရှိမှု (functional improvement) ၊ ထို Space ၏ လှုပ်ရှားသက်ဝင်မှု , သာယာငြိမ်းချမ်းမှု (Aesthetic enrichment ) နှင့် စိတ်အတွေး၏ တောင့်တမှုကို ဖြည့်စွက်ပေးမှု (Psychological enhancement) တို့အား စနစ်တကျ အဖြေရှာ ဖော်ထုတ်ခြင်းဟု ဆိုရပေမည်။ Space သည် ဒီဇိုင်နာ တစ်ယောက်အတွက် ပင်မ ပစ္စည်းတစ်ခု၊ Space တစ်ခုအတွင်း နေထိုင်သူများ၏ လှုပ်ရှားမှု၊ သဘောထား၊ ခံစားမှုနှင့် ထိုသူတို့၏ သီးသန့် ဖြစ်တည်မှုတို့အပေါ် အခြေတည်၍ လိုအပ်ချက်များကို အဖြေရှာခြင်းသည် ဒီဇိုင်နာတစ်ယောက် လိုက်နာရမည့် အခြေခံ သဘောတရားပင် ဖြစ်သည်။

ဒီဇိုင်းတစ်ခုသည် ပြည့်စုံသည်။ အကြောင်းမှာ လိုအပ်ချက်များအားလုံး ချောချောမွေ့မွေ့ရရှိ၍ ဖြစ်ပေမည်။ ဒီဇိုင်းတစ်ခုသည် ကောင်းမွန်မည်။ အကြောင်းမှာ စီးပွားရေးအရ တွက်ခြေကိုက်၍ ကြာရှည်ခံ အကျိုးရှိသောကြောင့် ဖြစ်ပေသည်။ ဒီဇိုင်းတစ်ခုသည် နှစ်လိုဖွယ် ရှိသည်။ အကြောင်းမှာ စိတ်အတွေး၏ တောင့်တမှုကို ဖြည့်စွက်ပေးနေသည်။ ဒီဇိုင်းတစ်ခုသည် အဓိပ္ပါယ်ရှိသည်။ အကြောင်းမှာ ဖော်ပြလိုသော သဘောထားနှင့် အချိန်ကာလတို့ကို ညွှန်းဆိုနေသည်။ သို့သော် ဟင်းလင်းခွင်တစ်ခုအတွက် ပြီးပြည့်စုံသော အဖြေတစ်ခုသည် မည်သည့်အခါမှ ရရှိမည် မဟုတ်ချေ။ လိုအပ်မှုနှင့် ဖန်တီးလိုမှုတို့ကိုသာ အချိုးညီညီ အကောင်အထည် ဖော်ဆောင်ခြင်းသည် ဒီဇိုင်းတစ်ခု ဖန်တီးခြင်း ဖြစ်ပေသည်။ ဒီဇိုင်းတစ်ခုသည် တစ်နည်းအားဖြင့် ဟင်းလင်းခွင် တစ်ခုအတွက် ရှင်းလင်းဖြေဆိုရမည့် ပြဿနာတစ်ခုပင် ဖြစ်ပေသည်။

_._._._._._._._._._._._._._._._.

"ဟင်းလင်းခွင် နှင့် ဒီဇိုင်းပညာရှင်"

တိုးတက်လာသော လူမှုပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနယ်ပယ်တွင် လူသားများသည် မိမိတို့ နေထိုင် လုပ်ကိုင်နေရသော အဆောက်အဦးများအား အမိုးအကာ လုံရုံဟူသော အနေအထားမျိုးတွင် ရောင့်ရဲတင်းတိမ် နေခြင်း မရှိတော့ပဲ တစ်နေ့ထက် တစ်နေ့၊ တစ်ရာသီထက် တစ်ရာသီ ပိုမိုဆန်းသစ်သော အဆင်တန်ဆာ ဒီဇိုင်းများဖြင့် ဖန်တီးပြုလုပ်ရန် ဆန္ဒရှိလာကြသည်။ ရှေးခေတ် အတီတေကလည်း ရှေးခေတ်အလျောက်၊ တိုးတက်သော နည်းပညာခေတ်တွင်လည်း နည်းပညာ ဖန်တီးမှုများအလျောက် လူသားတို့၏ လိုအပ်ချက် စိတ်ဆန္ဒတို့မှာလည်း တစ်ဆထက်တစ်ဆ မြင့်မားလာကြပေသည်။ စင်စစ်အားဖြင့် ထိုအရာသည် ခေတ်၏ လိုအပ်ချက် မဟုတ်၊ စနစ်အတွက် လိုအပ်ချက်မဟုတ်၊ "လူ"ဆိုသော အသစ် အသစ်ကိုမှ ခုံမင်တတ်သော သဘောထားကြောင့် ဖြစ်ပေသည်။ လူသားတို့၏ အသစ်၊ အသစ်သော ဆန္ဒများနှင့် လိုလားချက်များအတွက် ထိုထို လိုအပ်ချက်များကို ၀န်ဆောင်မှု အပြည့်အ၀ ပေးနိုင်ရန် ကြိုးစားခြင်းသည် ဒီဇိုင်နာများ၏ အဓိက တာဝန်ပင် ဖြစ်သည်။

ဒီဇိုင်နာနှင့်အတူ လုပ်ငန်းခွင်၏ စံသက်မှတ်ချက်များနှင့် ကိုက်ညီအောင် လုပ်ဆောင်ပေးနိုင်သော ကျွမ်းကျင်လုပ်သားများ လိုအပ်လာပါသည်။ ဆန်းသစ်မှုသည် ကွဲလွဲမှု မဟုတ်၊ ကွဲလွဲခြင်းသည် ဆန်းသစ်ခြင်း မမည်။ နေရာ၊ ဒေသ၊ ကာလအလိုက် ကွဲပြားခြားနားလာသော လူသားတို့၏ စိတ်ဆန္ဒကို အပြည့်ဝဆုံး ဖြည့်ဆည်းပေးရန် ဟန်ချက်ညီလှုပ်ရှားနိုင်သော၊ စနစ်တကျ လေ့လာသုံးသပ်မှုများဖြင့် ရှုထောင့် အဖုံဖုံမှ အတူတကွ ၀န်ဆောင်မှု ပေးနိုင်သော ပညာရှင်များ အတူတကွ ပေါင်းစည်းလုပ်ကိုင်ရန် လိုအပ်လာပါသည်။ လုပ်ငန်းရှင်များမှာလည်း လုပ်ငန်းခွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော အဖွဲ့အစည်းများအား ရှာဖွေလာတတ်ကြသည်။ ၄င်းတို့သည် တိုးတက်လာသည့် အမြင်တို့နှင့်အညီ လူသားတစ်ဦးချင်းစီ၏ သီးသန့် ရွေးချယ်ခြင်းဟူသော သဘောထားကွဲလွဲခြင်းများကို သည်းခံညှိနှိုင်းကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော အဆောက်အဦးများကို ဖန်တီးပေးနိုင်ကြမည့်၊ ယခုလက်ရှိ ပြောင်းလဲနေသော နည်းပညာရပ်များအား အမြဲတစ်စေ တီထွင်ကြံဆနေမည့် ဒီဇိုင်းပညာရှင်များကိုသာ လိုလားလာသည်။ ထိုအရာများသည် ဒီဇိုင်းပညာရှင်များအတွက် ပြောင်းလဲနေသော ခေတ်စနစ် အခြေအနေများကို မျက်ခြေအပျက်မခံပဲ အဆောက်အဦးတို့၏ ပြောင်းလဲခြင်းပုံစံ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆန်းသစ်မှု၊ ထပ်မံဖြည့်စွက်မည့် ပစ္စည်းများကို လူသားတို့၏ လိုအပ်ချက်နှင့် ထပ်တူကျအောင် အစဉ်တစိုက် ကြိုးပမ်းနေသင့်ကြောင်း ဖိအားပေးလျှက်ရှိသည်။ ထို့အပြင် ဒီဇိုင်းပညာရှင် တစ်ယောက်သည် တစ်ခုခုကို ဖန်တီးသောနေရာတွင် တစ်ထပ်တည်းဖြစ်နေသော ရှုခင်းကိုပင် အမြင် ပြောင်းလဲပေးနိုင်စွမ်း ရှိရမည့်အပြင် စွန့်ပစ်ပစ္စည်းထဲမှပင် ဆန်းပြားသော အသစ်အဆန်းတစ်ခု အသွင်ကို ဖန်တီးကာ အစားထိုး အသုံးပြုနိုင်အောင် ဖန်တီးမှုများ လိုအပ်လာသည်။

ဒီဇိုင်းဖန်တီးမှု အတတ်ပညာသည် အလျား၊ အနံ၊ အမြင့် ဟူသော ထုထည် ပမာဏများနှင့် ဆက်စပ်တွေးတော ကြံဆခြင်း ဖြစ်သော်လည်း အချိန်ဟူသည့် အတိုင်းအတာ ပမာဏနှင့် အဆောက်အအုံများ၏ ဆက်စပ်မှုကိုလည်း ထည့်သွင်းစဉ်းစားနိုင်ရမည်။ သတ်မှတ်ထားသော အချိန်ကာလအတွင်း သင့်လျော်သော ဒီဇိုင်းကို တီထွင်နိုင်ပေးရမည်။ ထို့အတူ နေထိုင်သည့် ကာလတစ်လျောက် Client ၏ လက်ခံမှုကို ရရှိနေအောင် လုပ်ဆောင်ပေးခဲ့ရမည်။ ဟင်းလင်းကို ဒီဇိုင်း ဖန်တီးသူ၏ အမြင်၊ ကြည့်ရှုခံစားသူနှင့် ထိုဖန်တီးသော ဟင်းလင်းအတွင်း သက်ဝင်နေထိုင်သူတို့၏ တုံ့ပြန်မှုသည် အချိန်တစ်ခုနှင့်အတူ စီးဆင်းနေပေမည်။ အဆောက်အအုံတစ်ခု၏ ထင်ရှားသော လက္ခဏာ အစိတ်အပိုင်း ( ၆ )ရပ် ဖြစ်သည့် တည်နေရာ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကိုယ်ထည်အခွံ၊ ၀န်ဆောင်မှု၊ နေရာလွတ်နှင့် စီမံချက်တို့ကို ပြည့်ဝစွာ နားလည်ရန် လိုအပ်ပေသည်။ ဒီဇိုင်းပညာရှင်များသည် နေရာလွတ်လပ်မှုနှင့် စီမံချက်အနေအထားတို့ကို အာရုံစူးစိုက်နေစဉ် ကျန်သော အချက်အလက်များအတွက် ကျိုးကြောင်းခိုင်လုံစွာ အကျိုးသက်ရောက်မှု ရှိစေရန်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေသည်။ ထိုသို့ စဉ်းစား တွေးခေါ်မှုများသည် လက်တွေ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အကောင်အထည် ဖော်နိုင်ရန်အတွက် အမြဲတစ်စေ လေ့လာ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ ဒီဇိုင်းပညာရှင်တစ်ယောက် အနေဖြင့် ၅နှစ်စာအတွက် ပြသနာများကို ကြိုတင်တွေးတော အဖြေရှာဖွေရာတွင် ၅မိနစ်အတွင်း ဖြေရှင်းလိုက်သော ဖြစ်ကတတ်ဆန်း လုပ်ရပ်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပေသည်။

ဒီဇိုင်းပညာရပ်ကို လေ့လာသောအခါမှာ ပညာရပ်များ၏ သီအိုရီ သဘောတရားနှင့် ဒီဇိုင်းတွေကို လေ့လာရသကဲ့သို့ ဒီဇိုင်နာများထံမှလည်း ထိုသူတို့၏ ဒီဇိုင်းအတွေးအခေါ်များကို အပြန်အလှန် လေ့လာရကြောင်း ဖတ်မှတ်ဖူးပါသည်။ ဒီဇိုင်နာတစ်ဦးသည် အခြေခံ ဒီဇိုင်းသဘောတရားများကို သီအိုရီများမှလည်း ဖော်ထုတ်လေ့လာရသည်။ အခြား အခြားသော ဒီဇိုင်နာများ၏ ဖန်တီးမှုများမှလည်း ထပ်ဆင့်လေ့လာရသည်။ ဒီဇိုင်းပညာရှင် တစ်ယောက်သည် စွယ်စုံရသော အတတ်ပညာရှင် တစ်ယောက်ဖြစ်ရန် မလိုအပ်သော်လည်း မိမိ၏ ဒီဇိုင်းနှင့် ပတ်သက်၍ အရာရာ အားလုံးကို ခြုံငုံ သုံးသပ်တတ်နိုင်ရပေမည်။ တိုးတက်နေသော ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ တိုးတက်လာသည်နှင့်အမျှ အဆောက်အဦးများ ပြွတ်သိပ်လာမှုကြောင့် လက်တွေ့အသုံးကျသော အယူအဆ၊ သဘောတရားနည်းများကို စဉ်းစားတွေးခေါ်နိုင်မှသာ ထူးချွှန်သော ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ပေမည်။

_._._._._._._._._._._._._._._._.

"ဟင်းလင်းခွင် နှင့် နေထိုင်မှု အနုပညာ"

ဟင်းလင်းကို ဖွဲ့ဆိုသူ ဒီဇိုင်နာတို့အတွက် ဒီဇိုင်း၏ အမှန်တရားသည် စီးပွားရေးဆန်သော အနုပညာတစ်ခု ဖြစ်ကောင်းဖြစ်မည်။ လိုအပ်ချက်ကို အဖြေရှာရမည့် ပြဿနာတစ်ခုဖြစ်ကောင်းဖြစ်မည်။ ဒီဇိုင်နာသည် ဒီဇိုင်းအခြေခံ သဘောတရားများ (Element of Design) ကိုလည်း သေချာ နားလည် အသုံးချနိုင်ရမည်။ မိမိ အသုံးပြုမည့် material များ၏ သွင်ပြင် (texture) ကိုလည်း ဂဃဏန သိထားရမည်။ ဟင်းလင်း (Space) ကို စနစ်တကျ အသုံးချနိုင်ရမည်။ အမြင်လှည့်စားမှုအပေါ် ပြောင်းလဲသွားတတ်သည့် အခြေခံ ပြောင်းလဲခြင်းများကိုလည်း ကျွမ်းကျင်ရမည်။ နရီ၊ ဟန်ချက်နှင့် အချိုးကျမှုတို့ကိုလည်း ကစားနိုင်ရမည်။ သူဖန်တီးသော ဒီဇိုင်းသည် အနုပညာတစ်ခု ဖြစ်သလို ထုတ်ကုန်တစ်ခုလည်းဖြစ်ကြောင်း လက်ခံထားရပေမည်။
သဘာဝ၏ အလှအပသည်လည်း ဟင်းလင်းခွင်တစ်ခုအတွင်း၊ လူသားတို့၏ ဖန်တီးဖွဲ့တည်မှုသည်လည်း ဟင်းလင်းခွင်တစ်ခုအတွင်း။ တေးဆိုနေသော လေနုအေး၊ နွေးထွေးသော နေရောင်ခြည်၊ ယိမ်းနွဲ့နေသော ပန်းခင်းများနှင့် မွှေးထုံရစ်သော ပတ်ဝန်းကျင်သည် သဘာဝ၏ ရသကို ဖွင့်ဟနေသည်။ လင်းလက်သော နီယွန်မီးများနှင့် ကြည်လင်သော မှန်ချပ်များအကြား ရပ်တည်နေသော စက်မှုထုတ်လုပ်မှု ထုထည်တစ်ချို့သည် လူသားတို့၏ ဖန်တီးမှုတစ်ချို့ကို ပြသနေသည်။ နေရောင်ခြည်အလင်းသည် အချိန်ကာလအလိုက် အမှိန်အဖျော့ ပြောင်းလဲလျက်။ နီယွန်မီး၊ မာကျူရီမီးတို့၏ အလင်းသည်လည်း ဖန်တီးမှုအလိုက် အတိုးအနှုတ် ပြောင်းလဲလျက်။ လိုအပ်မှုနှင့် စိတ်ကူးဆန္ဒတို့ကို အချိုးညီညီ ပေါင်းစပ်ထားသော ဟင်းလင်းခွင်တို့အား ဖန်တီးမှုသည် အနုပညာတစ်ခုလည်း ဖြစ်သည်။ အတတ်ပညာလည်းဖြစ်သည်။ တစ်နည်းအားဖြင့် Applied Art (သို့) အသုံးချ အနုပညာ။ ထို ဟင်းလင်းခွင်တို့အား ဖန်တီးသောသူများသည် Technician (သို့) Designer (သို့) Artist (သို့) နေထိုင်မှုတစ်ခုအား ဖန်တီးသော အနုပညာခံစား အတတ်ပညာရှင်များ ဟု ခေါ်ဝေါ်ပညတ်ရမည် ဖြစ်ပါသည်။

“နေလုံးရယ်နီ တိမ်ပန်းချီ နေသွေးနဲ့၊ နတ်ရေးသည်သို့။ ဒီအကျပေမို့ အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့ မျှော်ငေးလို လို့။” ဆည်းဆာချိန် တိမ်ပန်းချီကားသည် နေသွေးနှင့် နတ်ရေးထားလေသည်လား။ ဒီရေလည်း ကျလာပြီမို့ ပေါ်လာသော လတာပြင်မှာ ကဗျာအတွင်းမှ ကျူရိုးရှင်သည် နတ်ရေးသော တိမ်ပန်းချီကို လှေတစ်စင်းနှင့်မျှော်ငေးရသည်ကို နှစ်သက်ကောင်း နှစ်သက်မည်။ အချို့ ကျူရိုးရှင်တို့ကတော့ဖြင့် သာသာယာယာ ညနေခင်းမျိုးတွင် လတာပြင်၏ အစွန်းတစ်ဖက်နား ငါးပျံတစ်ချို့က ညှာညှာတာတာမရှိ၊ ဘယ်ပြောင်းညာပြန် ဂျွမ်းထိုးလိုက်၊ ဘုတ်မက ခုနှစ်သံချီအောင် လွမ်းတေးတွေဆိုလိုက် လုပ်နေသည်ကိုမှ ခံစားလိုကောင်း ခံစားလိုလိမ့်မည်။ ဆရာ ဇော်ဂျီကတော့ အဆုံးသတ် သူ့ကဗျာမှာ “အိုအချင်း ကျူရိုးရှင်။ သူ့မူယာသူ့အတင်း၊ မင်းဆိုခဲ့စဉ်။ မင်းကိုယ်လဲ မင်းပင်လျင်၊ ဘာထင်လို့လေလဲ။ မဗေဒါစုန်ဆန်လမ်းမှာ ၊ ပန်းခဲ့သည်ပဲ။” ဟု ဆိုခဲ့သည်။ ဟင်းလင်းကို ဖန်တီးခြင်းသည်လည်း ကျူရိုးရှင်နှင့် အလား သဏ္ဌာန်တူပေတော့သည်။

အကန့်အသတ်မဲ့သော ဒီဇိုင်းလောကအတွင်း စုန်ဆန်ကူးခတ်ရင်း မောပန်းလိုက်၊ မိမိ ဖန်တီးမှုလေးအပေါ် ပြန်လည်ကြည့်ရှုရင်း ကျေနပ်ပီတိဖြစ်လိုက်နှင့် ကိုယ်တိုင်လည်း ကူးခတ်ရပေဦးမည်။ သူတပါး ဖန်တီးမှုများကိုလည်း လေ့လာခံစားရင်း မုဒိတာထား ကျေနပ်ရပေဦးမည်။

-Design Ideology-
_._._._._._._._._._._._._._._._.

Reference
Interior Design (Arch.08012) lecture Notes
Interior Design Handbook of Professional Practice by Cindy Coleman (Mimarlìk)
Interior Deisgn Illustrated 1987 by Francis D.K.Ching

_._._._._._._._._._._._._._._._.

10 November 2011

MEF နှစ်ပတ်လည် စာစောင် အမှတ် (၃)



မြန်မာအင်ဂျင်နီယာဖိုရမ် နှစ်ပတ်လည်စာစောင် အမှတ် (၃)

အကြောင်း အမျိုးမျိုးနဲ့ နောက်ကျနေခဲ့တဲ့ MEF ရဲ့ သုံးနှစ်မြောက် စာစောင်လေးပါ...။

အောက်က link လေးကတော့ အချိန်တစ်ခုအတွက် အမှတ်တရအဖြစ်ပေါ့...။

MEF သုံးနှစ်ပြည့် အမှတ်တရ ဂျာနယ် ဒေါင်းရန်လင့်


ကျွန်တော် နဲ့ အတူ ဖြတ်သန်းဖူးတဲ့ MEF ရက်စွဲများအတွက် စာမျက်နှာတစ်ချို့ကိုတော့ အောက်မှာ စုစည်းထားလိုက်ပါတယ်..။

Happy Birthday MEF!

တောင်ညိုမှာ ပြိုမယ့်မိုး

အိုရီဂါမီ နံရံများ

စိ မ်း လ န်းေ သာ က မ္ဘာ

Super Potato Concept

22 October 2011

တောင်ညိုမှာ ပြိုမယ့် မိုး


စကားချပ်..။ ။
ရေးထားခဲ့တာ ရက်တွေ တော်တော်ကြာခဲ့ပြီ...။
လွန်ခဲ့တဲ့ ဆောင်းယွန်းယွန်းတစ်ချိန်က အိမ်ပြန်တော့ အိမ်ကိုရောက်နေရဲ့နဲ့ အိမ်မှာနေရင်း အိမ်ကို ပြန်လွမ်းမိတယ်....။ ကျွန်တော်တို့က တစ်ခါတစ်ခါ သတိရခြင်းတွေ တနင့်တပိုးကို တန်ဖိုးကြီးကြီး ပေးဝယ်ဖို့ ဝေးဝေးများ ပြေးနေကြရော့လား မသိဖူး။ အချိန်တွေက တစ်ဆောင်းတောင် ပြန်ဝင်ရော့မယ်..။ မိုးတွေ မရွာခဲ့ဖူး ထင်ပါရဲ့လေ...။

Happy Birthday Mum & Nyimalay. I just noted the time where we were there.
Be healthy and be live long life together with happiness!

~M.Z

စကားချပ်။ ။
အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့တဲ့ MEF သုံးနှစ်ပြည့် ဂျာနယ်လေးကို ဒီမှာ ဖတ်နိုင်ပါတယ်နော်...။
http://www.mediafire.com/?s9axilerpp1eiv4

-JohnMoeEain- 10Nov2011

01 October 2011

We live there!


ပါးစပ်ပါလို့လည်း ရွာမရောက်ဖူး
လူမသန်တွေကလည်း စကားသိပ်ပြောတယ်
ဆိတ်ဆိတ်နေမိရင်လည်း ထိတ်ထိတ်ပြီးပဲကျန်တယ်
ဒီကွေ့ကို ဒီတက်နဲ့လှော်လိုက်၊ ဟိုကွေ့ကို ဟိုတက်နဲ့လှော်လိုက်
စိန်နားကပ်အရောင်တစ်ချို့က တဖျက်ဖျက်တောက်
နေ့တဒူဝ အမှုတစ်ရာနဲ့
လမ်းဆုံးလို့လည်း ရွာမတွေ့တော့...။

ရေတစ်ချို့က နိမ့်ရာဆို မစီးပေမယ့်
မီးတွေက အောက်ထိဆင်းလောင်ချင် လောင်လိမ့်မယ်
မလျော့မတင်း စောင်းကြိုးညင်းကိုပဲ လိုက်နာရတယ်
နေ့ပြောလို့ နောက်ကြည့်စရာမလို ညပြောလို့ အောက်ကြည့်စရာမလို
ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်လူနဲ့
သီလစောင့်ရင်း အူမမတောင့်တဲ့လူနဲ့
တစ်တက် နှစ်တက် ကြက်သွန်လိုက်စားတဲ့လူနဲ့
အသက်ရှုခြင်းကွဲတာနဲ့ လူချင်းမတူဖူးတဲ့...။

နွံနစ်နေတဲ့ ပတ္တမြားတွေ များမယ်
မဏ္ဍပ်တိုင်တက်ချင်တဲ့ အလှူရှင်တွေများမယ်
မျောက်ပြလို့ ဆန်တောင်းတဲ့သူတွေများမယ်
ကျည်ထောက်စွပ် ဖြောင့်ချင်ယောင်ဆောင်တဲ့ ခွေးမြီးတိုတွေများမယ်
အသံကြောင့်လည်း ဖားမသေတော့ဖူး
ကိုယ်ကောင်းရင် ခေါင်းမရွှေ့တဲ့သူနဲ့
အလုပ်မရှိ ကြောင်ရေချိုးတဲ့သူနဲ့
သူတော်ချင်းချင်း ပေါင်းဖက်တွေ့တာပါပဲ...။

ခဲမှန်ဖူးတဲ့ စာသူငယ်နဲ့
ဆန်ပိုရချင်တဲ့ မျက်စိလည် ဖိုးသူတော်နဲ့
ဆင်သွားလို့လည်း လမ်းမဖြစ်တော့ဖူး
ငါးခုံးမလည်း သူ့ဟာသူနေ
ကျန်တဲ့ငါးလည်း ကိုယ့်ဟာကိုယ်နေ
ဒါကိုက
ပတ်ဝန်းကျင်ပါပဲ
ပိုးဖလံမျိုး မီးကိုတိုးသလို
ရဲရဲကြီး တိုးပြီး ပျော်ဝင်လိုက်ရုံ။

-ဂျွန်မိုးအိမ်-
၂၄ စက်တင်ဘာ ၂၀၁၁

footnote:
there is no idea to destroy myanmar proverb.
it is playing words and see the life in other point of view.
just wanna tie my brain & heart not to consume the extreme.
inspiration is here :)