28 September 2009

သီတင်းကျွတ်တော့မည်......။

သီတင်းကျွတ်တော့မည်......။
မကြာမီ သတင်းကျွတ်တော့မည်.....။
ကျွန်းသေးသေးလေး တစ်ခုပေါ်ကို ရောက်ရှိပြီးနောက် ပထမဦးဆုံး ကြုံတွေ့ရမည့် သတင်းကျွတ် ကာလလေး တစ်ခု ဖြစ်ပါသည်။

ဒီကျွန်းလေးပေါ်ကို မလာခင်ကတည်းက ဘယ်လို အကြောင်းအရာတွေကို ခံစားကြုံတွေ့ရမည်ကို ကြိုတင် စဉ်းစားခဲ့ပေမယ့် လက်တွေ့မှာ ကြုံလာသော အရာများသည် ကြိုတင် စဉ်းစားမိခဲ့သည်များနှင့် နှိုင်းယှဉ်လျှင် အနည်းနှင့် အများဆိုသလို ကွာခြားသည်ပင်။ လက်တွေ့တွင် သတင်းကျွတ်ကာလသည် မည်သို့ မည်ပုံ ရောက်ရှိလာမည် မသိပေမယ့် သေချာသည်ကတော့ ငယ်ငယ်တုန်းက ခံစားကြုံတွေ့ခဲ့ရသည်များနှင့် လုံးဝ ကွာခြားမည်မှာ အသေအချာပင် ဖြစ်သည်။ ရုပ်ဝတ္ထုများ တိုးတက်ထွန်းကားသော ကျွန်းသေးသေးလေးတွင် သာသည့် လမင်းသည် တစ်ချိန်က တောင်စဉ်တွေ ၀န်းရံနေသော ဇာတိမြေတွင် သာခဲ့သည် လမင်းနှင့် အတူတူပင် ဖြစ်ပါသည်။ မပြောင်းလဲသော လမင်း၏ အလင်းရောင်အောက်တွင် ပြောင်းလဲလာသော ခံစားချက်များနှင့် ကျွန်တော်တို့ ရှင်သန်ရဦးမည်...။ သေချာသည်ကား... ထိန်ထိန်သာမည့် လမင်းကိုကြည့်ရင်း တစ်ခါက လမင်းကို ပြန်လွမ်းမိကြမည်ပင်။

တိုးတက်သည့် ရုပ်ဝတ္ထုများ ပျော်စံရာ ကျွန်းသေးသေးလေးတွင် အမြဲမပြတ် ထိန်ထိန်လင်းနေမည့် မာကျူရီညတို့သည် ပျောက်တိပျောက်ကျား ခပ်မှိန်မှိန် လင်းလဲ့နေသာ မြို့ကလေး၏ညနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်တွေ များလွန်းသည်။
မြို့ကလေး၏ညသည် တစ်လ တစ်ခါ မီတာခ ကောက်ခါနီး ကေဘယ်ကြိုးတွေ မှိုမတတ်အောင် ခဏတာလာသည့် လျှပ်စစ်မီးနှင့် လင်းနေမည်လား ဟိုတစ်စု သည်တစ်စု ဟို တစ်ကွက် ဒီတစ်ကွက် ဟိုနားက မီးထိန်ထိန် သည်နားက မီးထိန်ထိန် နှင့် ဆီမီးတွေ ယိမ်းနွဲ့နေမည်လား.....။

သြော်... အလွမ်းများနှင့် မရှင်သန်ချင်ပေမယ့် လွမ်းရပါသည်......။

No comments: