19 September 2009

အလွမ်းပြန့်ကြဲည


အလွမ်းပြန့်ကြဲည

ခရမ်းပြာ ပင်လယ်ပြင်
လခြမ်းက ရွက်ဆင်
တိမ်ခိုးတွေ ဟီးလေးခိုလို့
အနှိုင်းမဲ့ မျှောလွင့်………….။

နီယွန်မီးတို့ရဲ့ မာကျူရီည
ငွေသော်တာရောင်ခြည်တို့
အရောင်မှိန်ဖျော့နေလေသလား
(အမေ့ခံ ဘ၀မှာ)
လမင်းကြီးရော လွမ်းနေလား
ကြယ်လေးတွေရော လွမ်းနေလား………………။

အိပ်မက်ထဲမှာတော့
ကြိုးပျက်သွားတဲ့ ဂီတာအိုတစ်လက်နဲ့
အလွမ်းတွေတေးဖွဲ့
ခပ်တိုးတိုး ဆိုညည်းဖို့ကြိုးစားရင်း
ပင်လယ်ထဲ မိုးရွာဆဲ………………။

လရထားပေါ် ခိုစီးရင်း
မှိန်ပျပျ ကြယ်လေးတို့ရဲ့
လှပတဲ့ နေ့စွဲကို တမ်းတ
ဒီည
အလွမ်းတွေပြန့်ကျဲ
ကြေကွဲရတဲ့ညပေါ့………..။

နှလုံးသားမှာ
အလွမ်းတွေနဲ့ အဆိပ်သင့်ရင်း
(ငါကိုယ်တိုင်လည်း)
လမင်းကြီးကို လွမ်းနေလား
ကြယ်လေးတွေကို လွမ်းနေလား
မသေချာ မရေရာဘူး…………….။

အိပ်မက်များကို
အကောင်အထည် ဖော်ခွင့်ရရင်
ဘ၀မှာ (အရာရာ)
ပြီးပြည့်စုံသွားမှာလို့ ထင်ခဲ့တာ………..။

ကွယ်……..
ဒီည……….
အလွမ်းပြန့်ကျဲညပေါ့……………။

No comments: