19 September 2009

အမှတ်တရ အလွမ်း

အမှတ်တရ အလွမ်း

ကျောင်းသားဘဝ
လွယ်အိတ်လေးတွေ ဘေးတိုက်လွယ်ရင်း
သူသူကိုယ်ကိုယ် လျှောက်လှမ်းခဲ့ဖူးတယ်
ဘာကိုမှ နားမလည်သေးတဲ့ အရွယ်မို့
အိပ်တန်းက နိုးလာတဲ့ ငှက်ကလေးတွေလို
အားမာန် အပြည့်နဲ့ လေကိုဆန်ပြီး
ကောင်းကင်ကြီးကို ထိုးဖောက်ချင်ခဲ့တယ်။

ယုံကြည်ချက်ကိုယ်စီနဲ့
အပြုံးမပျက် နှုတ်ဆက်ခဲ့ရတဲ့
Happy Ending နေ့ရက်များ
ပြက္ခဒိန်တွေပေါ် ကြွေကျလာတဲ့
အချိန်မှန် နာရီတွေကို တိုက်စားရင်း
တိမ်တွေပေါ် ၀ဲပျံလို့
မျှော်လင့်ချက်တွေ အခက်အလက် ဝေခဲ့တယ်။

ကျောမခိုင်းကြပေမယ့်
စနစ်တကျ လွဲချော်လာခဲ့ကြတဲ့အခါ
ထုဆစ်ခဲ့ကြတဲ့ ရက်စွဲတွေအတွက်
အမှတ်တရတွေ တနင့်တပိုး
သတိရခြင်း အသင်္ချေကို ပိုင်ဆိုင်လာတဲ့အခါ
ရင်ခွင်တွေ နီးနေသမျှ လွမ်းနေရုံပဲပေါ့။

အဝေးဆီက
လွင့်ပျံလာတဲ့ အောက်မေ့ခြင်းများ
သတိရခြင်းလား တမ်းတခြင်းများ ဝေခွဲရင်း
ဘယ်တော့လဲ ဘယ်နေ့လဲ ဘယ်လို ဖြစ်လာကြမှာလဲ
................
အရာရာကို မျှော်တွေးရင်း
ပြန်ဆုံမယ် တစ်နေ့နေ့ပေါ့။

ကောင်းကင်ကြီးက သူ့ရင်ခွင်မှာ သူငိုနေတယ်
အလွမ်းတွေက ရင်ခွင်ထဲ ပြိုနေတယ်။
ဒီလိုနဲ့ပဲ
လေပြည်လေးတွေနဲ့အတူ တေးဆိုရင်း
တောင်ပံတွေ တစ်ဖျတ်ဖျတ်ခတ်ရင်း (နောင်တ မရစတမ်း)
ငါတို့တွေ အတိတ်ကို ကျောခိုင်းခဲ့ရတယ်။
( ဗန်းမော် TU မှ သူငယ်ချင်းအားလုံးသို့...............)
ဂျွန်မိုးအိမ်
(ဗန်းမော် ကျောင်းက သူငယ်ချင်းများ အတွက် ရည်စူးပြီး ရေးခဲ့မိတဲ့ ကဗျာလေးပါ.............
( ရောင်းရင်းများလည်း ကိုယ့် ကျောင်းတော်ကြီးကို သတိရမယ်ဆိုရင် တိုက်ဆိုင်မယ် ထင်ပါရဲ့နော်..........)

No comments: