25 October 2009

မြို့ ကလေး သို့

မြို့ ကလေး သို့ (၁)......

ဒိအချိန်ဆိုလျှင် မှိုင်းရီနေသော နှင်းမှုန်းများကြား ချယ်ရီတွေ ဝေနေပေတော့မည်။ စိန်လုံ တောင်တန်းကြီးကို စိတ်အတွေးနှင့် လှမ်းမြင်မိနေသည်။ အပြာရင့်ရောင် တောင်တန်းကြီးသည် တိတ်ဆိတ်စွာဖြင့် လောကကို သုံးသပ်နေပေမည်။ သူ၏စိတ်ဝိဥာဉ်သည်လည်း ကျွန်တော့်လို ဖော်ပြရန် မစွမ်းသာသော တစ်စုံတစ်ရာကို ခံစားနေရမည်လားဟု တွေးမိပါသည်။ အတ္တစိတ်ဖြင့် သူ့ကိုလည်း လွမ်းမော ခံစားစေချင်သည်။ တစ်ကိုယ်ရေ အလွမ်းထက် အဖော်ပါသော အလွမ်းက ဖြေသာပါသေးသည်။ တောင်တန်းတွေကြား မီးခိုးငွေ့များကို လှမ်းမြင်ရသလို....။ တောင်ယာတွေ မီးရှို့ကြပြီထင်ပါသည်။ ထိုရနံ့ကို ငယ်ငယ်က အလွန် စွဲမက်ခဲ့ဖူးသည်။ ယခုတော့ ထိုမီးခိုးနံ့သည် အလွန် ကြောက်စရာ ကောင်းသလို ခံစားနေမိသည်။

လူတို့၏ လောဘစိတ်သည် တောင်တန်းတွေကို မီးရှို့နေသလိုလေလား......။ တောင်တန်းများပေါ်မှ ကျွန်းသစ်တောများသည် အိပ်မက် တစ်ခုပမာ ဆယ်စုနှစ် တစ်ခုအတွင်း အစအန ပျောက်သွားခဲ့ပြီလား...။ ကျွန်းရွက်ဝါ၀ါစိမ်းစိမ်းများသည် အရင်တစ်ချိန်က ဒီနေရာတွင် ရှိခဲ့ဖူးသည်ကို နောင် လူသားများ သိနိုင်ပါဥိးမည်လား.... တောင်တန်းပြာကို သတိရရင်းဖြင့်ပင် ၀မ်းနည်းလာမိသည်။ လွန်ခဲ့သော မိနစ် အနည်းငယ်က ကျွန်းပင်ကြီးများသည် တစ်ခဏအတွင်း သစ်သားထု၊ သစ်သားချောင်းများ၊ သစ်ခွဲသားများ...အဖြစ် လျှင်မြန်စွာ အသွင်ပြောင်းသွားကြလေပြီလား...။ ဒီလိုပဲ မြို့ကလေးလည်း နောင်တစ်ချိန် ပြန်ရောက်ရင် အသွင်ပြောင်းလောက်ပြီပေါ့.....။

ကိုယ်ရှိစဉ်ကပင် ငယ်စဉ်ကနှင့် မတူတော့သော မြို့ကလေးသည် နောင်တစ်ချိန် ပြန်ရောက်လျှင် မှတ်မိနိုင်ပါဦးမည်လား..။ ငယ်ငယ်က ကားလမ်းမပေါ် လမ်းဖြတ်ကူးလျှင် စိတ်လှုပ်ရှားစရာ ဘာမှ မရှိ။ ကံဆိုးလျှင် စက်ဘီးသမားနှင့် အချင်းများရုံသာ ရှိသည်။ ည..ည ဆိုလျှင် လ၀ါဝါ အောက်မှာ ထုတ်ဆီးထိုးနေကြသော ကလေးများ....။ ကိုယ်လည်း တစ်သက်မှာ တစ်ခါလောက် ကစားခဲ့ဖူးပါလား ဟု သတိရမိသည်။ အမြင့်ဆုံး အဆောက်အဦးဆိုလျှင် မီးသတ်မျှော်စင်သာ ရှိသော မြို့ကလေးရယ်.... လွမ်းမိပါသည်...။ ယခုတော့ မိနစ်အနည်းငယ်အတွင်း ယာဉ်တွေက စုန်ဆန်နေလောက်ပြီ....။ သစ်ပင်ကြီး တစ်ချို့လည်း အနားရရောပေါ့....။ သူတို့ နေရာမှာ အာစီ တိုက်တွေက အစားထိုးလာလိုက်တာ.... ဟိုတစ်စု တစ်တစ်စု...။ သြော်.... ခေတ်သည် တိုးတက်ခြင်းကို ပြသဖို့ရာ စတေးရတာတွေ များလွန်းသည် ထင်သည်....။ ၀မ်းနည်းရမည်လား... ၀မ်းသာရမည်လား...မသိ....။

ငယ်ငယ်တုန်းက ကျောင်းကို လမ်းလျှောက်သွားရသည်။ အတန်း နည်းနည်းရတော့ စက်ဘီးနှင့် သွားရသည်။ အထက်တန်းကျောင်းဆိုတာကလည်း အတန်ငယ်တော့ အလှမ်းဝေးပါသည်။ ဒါပေမယ့် ပင်ပန်းသည် ဟုလည်း မယူဆမိ။ ကျောင်းဝေးတော့ စောစောထွက်ရင် သူငယ်ချင်းများနှင့် စောစောတွေ့ရသည်... စကားလေး တစ်ပြောပြောနှင့် ကျောင်းသို့ ရောက်မည်လေ....။ ခုတော့ ထိုခရီးနှင့် ထိုခရီးကို ဆိုင်ကယ်များဖြင့် သွားလာကြသည့်ခေတ် ဖြစ်လာသလိုလို.....။ လူရာဝင်မှုကို တိုင်းတာသော စံနှုန်းများကို နားလည်ရန် ခက်လှသည်။ တကယ်တော့ ခေတ်သည် ပတ်ဝန်းကျင်နှင့် သူ့ဟာသူတော့ သဟဇာတ ဖြစ်ပါသည်။ ခုတော့ ခေတ်သည် ပတ်ဝန်းကျင်ကို အမှတ်ရစရာ မရှိ..။ ပတ်ဝန်းကျင်ကလည်း အမှတ်ရရန် ခံစားချက်များ ပေးစွမ်းနိုင်စရာ မရှိ..။ အရာရာသည် အစီအစဉ် တကျ ဖြစ်တတ်ပုံရပါသည်။ သို့ရာတွင် မိမိ၏စိတ်ကို မိမိ ထိန်းတတ်ရန် လိုမည် ထင်ပါသည်။ အောင်ဝေး၏ ကဗျာတစ်ပုဒ်ကို သတိရမိသည်။ ခုံတန်းပြာတွေ မပြာတော့သည့်အထဲ လရောင်ဝါကလည်း မ၀ါတော့ စံပါယ်တွေ မပွင့်ဖူး..... ဟု သူက ဆိုပါသည်။ အကျိုးကြောင့် အကြောင်းတွေ ဖြစ်လာသည်လား....။ ငယ်ငယ်က ဖတ်ခဲ့ဖူးသော ကဗျာ စာများသည် ယခုမှ အသက်ဝင်လာသလိုလို....။ ခုတော့ ကဗျာ စာ များကို တကူးတက ရှာဖတ်ရန်ပင် မလွယ်တော့..။ ဖတ်မိသော ကဗျာ စာများသည် တစ်ခဏသာ ခံစား အမှတ်ရပြီး မကြာခင် မေ့သွားတတ်သည်။ မနှစ်သက်သည်က မဟုတ်... မမှတ်မိနိုင်တာ ဖြစ်သည်။ လူတို့သည် သက်တမ်းရင့်လာလေ... အမှတ်ရစရာ များလာလေ.... မှတ်ဥာဏ် စွမ်းအား ကျလာလေ ဖြစ်မည်။ ဒါမှ မဟုတ် စိတ်ကို၌က အမှတ်ရစရာတွေကို လျှော့လိုက်ချင်တာ ဖြစ်မည်..။ကိုယ့်အတွေးနှင့်ကိုယ် မေးခွန်းထုတ်၊ အဖြေပေးမိခြင်းဖြစ်သည်....။

ဒီ မွေးရပ်မြေသည် မခွဲခင်ကပင် ငယ်စဉ်ကနှင့် မတူတော့တာပဲ....... ။ နောင် တစ်ချိန် ပြန်ရောက်လို့ ကိုယ်က မမှတ်မိလျှင် ၀မ်းနည်းစရာ မရှိဟု တစ်ခါတစ်လေ....တစ်ဖတ်သတ် တွေးမိသည်။ ငယ်ငယ်က ဒိဒေသတွင် ရထားဆိုတာ မရှိခဲ့....။မြို့ကလေးကို တောင်ပြာတန်းတွေက ၀ိုင်းရံနေသောကြောင့် ဖြစ်သည်။ ယခုတော့ ရထားလမ်း ဖောက်မည် ဆိုသည်။ ငယ်ငယ်က ထိုမြို့လေးတွင် ဂျက်လေယာဉ်ပျံ ဆင်းရန် စီမံကိန်း ရှိခဲ့သည်။ နောင် နှစ် နှစ်ဆယ် အကြာ ဂျက်လေယာဉ်ပျံ ဆင်းပါသည်။ သို့ဆိုလျှင်..... တစ်ချိန်ချိန်တော့ ရထားခရီးနှင့် အိမ်သို့ ပြန်ရပါဦးမည်....။

ငယ်ငယ်တုန်းကတော့ စိတ်ကူးယဉ်ခဲ့ဖူးသည်...။ တီဗွီက သတင်းများ ကြေငြာလျှင် မြို့ကလေးကို သတင်းထဲ ပါစေချင်သည်....။ ဂျပန်နိုင်ငံမှ ကျည်ဆန်ရထားများ အကြောင်း၊ အမေရိကန်နိုင်ငံရဲ့ အာကာသ ခရီးစဉ်များအကြောင်း ကြေငြာတိုင်း မြို့ကလေးက ဘာများ ဖြစ်လာမလဲလို့ ဂုဏ်ယူလိုက်ချင်ဖူးသည်....။ ခုတော့ ပြန်တွေးနေမိသည်။ မြို့ကလေးကို ငယ်ငယ်ကလို တစ်သီးတစ်ခြား ဖြစ်စေချင်ပါသည်။ ဒါဟာ အတ္တစိတ် ဖြစ်မည်ထင်သည်......။ ငယ်ငယ်က ပတ်ဝန်းကျင်သည် အလွန် မှတ်မိလွယ်သည်။ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် လူတိုင်းသိကြသည်။ ယခုတော့ တိုးတက်မှု၏ ပြယုဂ်သည် ဆက်ဆံရေးကို အရည်ဖျော်တတ်လာသည်။ အရင်က အထီးကျန်မှုသည် အိပ်မက်ဆန်ဆန် ဖတ်ကောင်းရုံ စာသားဖြစ်သည်။ အရာရာသည် နှင်းမှုန်များလို နေလာ နှင်းပျောက် ဖြစ်တတ်သည်ဆိုတာ ဂရုပြုဖို့ တစ်ခါက မြို့ကလေး ကိုယ်၌က ဖြူစင်ခဲ့လွန်းပါသည်....။

ခုတော့ ကာလာ စုံလာသော ပတ်ဝန်းကျင်မှာ ရွေးချယ်ခွင့်တွေကလည်း ပေါများလွန်းပါသည်...။ ကိုယ့်ရွေးချယ်မှုသည် ကိုယ့် ဘ၀ဖြစ်သည်။ မည်သူ့ကိုမှ အပြစ်တင်ရန်မလိုဟု တွေးမိသော်လည်း ၀မ်းနည်းမိပါသည်။ ကိုယ့်ဆောင်ရွက်မှုသည် ကိုယ့်အောင်မြင်မှုကို တည်စေသည်။ ကိုယ့်ရှုံးနိမ့်မှုသည် ကိုယ့်ညံ့ဖျဉ်းမှုကို တည်စေပါသည်တဲ့လား...... ။ မြို့ကလေးကရော ရွေးချယ်ခွင့် ရှိရဲ့လား..ဟု ကိုယ်ချင်းစာစိတ်ဖြင့် တွေးမိပါသည်။ သူ့ပြောင်းလဲမှုသည် သူ့ရွေးချယ်မှုလား.... သူ့ရပ်တည်မှုကို ကျွန်တော်တို့ ပြောင်းလဲခဲ့ပါသလား...။ ကိုယ့် အဖြေနှင့်ကိုယ် ကီးကိုက်အောင် ဖြေရန်ပင် ခက်လှသည်။

မြို့ကလေးကိုယ်၌လည်း အဖြေ ရှိမည် မထင်ပါ....။

ဆက်စပ်လျက်
မြို့ကလေးသို့ (၂)

No comments: