05 November 2009

ခရီးများ



“ဤခရီး နီးသလား၊ ငါးနာရီ လာရ၏။ မီးရထား စီးလာပါ။ အလားကားမစီးရ။”

စီးရမည့် ယာဉ်၊ ကြာမည့်အချိန် သိနိုင်သော ခရီးမှန်း မသိနိုင်အောင်ပင် ဖြူစင်လွန်းသော အရွယ် ငယ်ငယ်က ရွတ်ဆိုခဲ့သော စာသားများ ဖြစ်ပါသည်။

စက္ကန့်သံကို ခိုစီးရင်း လိုက်ပါလာခဲ့သည်မှာ မေးခွန်းများစွာ ရှေ့မှာ စောင့်ကြိုနေကြသည်လား။
ယခု……. ကျွန်တော်သွားနေသော ခရီးကရော… ဘယ်ခရီးပါလဲ…၊ ဘယ်ရထားနှင့်ပါလဲ…..၊ အချိန်ဘယ်လောက်ကြာမှာပါလဲ….. ဘယ်လောင်စာနှင့် မောင်းနေပါသလဲ…. …။ မေးခွန်းများစွာပါ……။

အဖြေကို စဉ်းစားရင်းနှင့်ပင် ဖြစ်သန်းခဲ့သော မိုင်တိုင်များစွာ….. ဖြတ်သန်းရဦးမည့် ဘူတာများစွာ…. ခရိးများစွာ….. ရှေ့မှာ….။


ဆုံမှတ်များ…….လမ်းခွဲများ…….လမ်းလွှဲများ…….
မှောင်မိုက်နေသော လမ်းများ…….ခေါင်ခိုက်နေသောလမ်းများ…….
တစ်ကိုယ်တော်ခရီးများ…….နေပျော်သောခရီးများ…….
ထောက်မစွာ ဖေးကူခြင်းများ…….တောက်ပအောင် လင်းစေခြင်းများ…….
အသူရာ ချောက်ကမ်းပါးများ…….မာယာထောင်ချောက်များ…….
ရှေ့ဆက်ရမည့် ခရီးများ…….နင်းဖြတ်ရမည့် ခရီးများ…….
ခရီးများ…….
ခရီးများ…….
ကြိုလင့်နေတာလား......
ကြိုလင့်နေပါလား…….။

ခရီးများရယ်…….
အစီအစဉ်မကျပေမယ့်…….စနစ်တော့ ကျပါရစေ…….
လောင်စာကို ညှိနေရပေမယ့်…….ခရီးတော့ သိပါရစေ…….
သတိတွေ ရှိနေရပေမယ့်…….ဆန္ဒတွေ မိပါရစေ…….
ဘီးတစ်ချက် လိမ့်လိုက်တိုင်း…….ကျောရိုးစိမ့်အောင်ထိန်းရင်း…….
မောင်းနှင်နေရတဲ့…….ရင်ကို သိမ့်သိမ့်လှိုက်စေတဲ့ ခရီးများရယ်.....

တစ်နေ့တော့…….
မျှော်လင့်ချက်ပန်းများ…….
လန်းစွင့်နေတဲ့…….
ခရီးဆုံးမှတ်တိုင်ဆီ ရောက်ရဦးမှာပါ…….။

No comments: