13 November 2009

ဆရာ ဗန်းမော်ညိုနွဲ့

မနေ့ညက အဘိုး (ဆရာ ဗန်းမော်ညိုနွဲ့-သို့- ဆရာ ဦးပုထွေး) ဆုံးသွားပြီ ဆိုတဲ့သတင်းကို ဒီနေ့ မနက်မှာ မနော်ဟယ်ရီရဲ့ ကျွန်မချစ်သော ကဗျာများမှာ တွေ့ရတော့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်.....။
ချက်ချင်း သူငယ်ချင်းဆီ ဖုန်းဆက်မေးမိတော့ သေချာသွားပြီလေ...။ သူတို့တွေကတော့ ဒီနေ့ သွားကန်တော့မယ်လို့ ပြောပေမယ့် ကိုယ်ကတော့ အဝေးတစ်နေရာကနေပဲ ရည်မှန်းပြီး ကန်တော့ လိုက်ပါတယ်....။


လရောင်ဆန်း၍
ရွာလမ်းမြေမာ
ဝင်းဝင်းဝါသည်
အုန်းထန်းပေလက်
တမာရွက်တို့
ရွှေစက်ရွှေပြောက်
ရွှေရည်သောက်၏....။

ဒီ ကဗျာလေးဟာ တစ်ချိန်တုန်းက state ကျောင်းမှာ ပြဌာန်းထားတဲ့ အဘိုးရဲ့ ကဗျာလေးပါ....။
ခေတ် စနစ်တွေ ပြောင်းလဲလို့ ပြဌာန်းစာတွေ ပြောင်းလဲသွားပေမယ့် အဘိုးရဲ့ စေတနာနဲ့ မေတ္တာကတော့ မပြောင်းလဲခဲ့ဖူးလေ....။

့မြန်မာဆိုရင် မြန်မာစာကို ချစ်တတ်ရမယ်ဆိုပြီး မကြာခဏ ဆိုဆုံးမတတ်သလို မင်းကျန်စစ်ကို ချစ်ပြီး ပုဂံပြည်ကို မြတ်နိုးတတ်အောင် သင်ပေးခဲ့တာတွေကိုတော့ အမှတ်ရဆုံးပါပဲ.....
စာသင်ချိန် မရောက်ခင်မှာ အမြဲမပြတ် ကိုယ် လက်လေ့ကျင့်ခန်းကို နေ့စဉ် ပုံမှန် လုပ်လေ့ရှိတဲ့ အဘိုး...၊ စာသင်ချိန်မှာ အမြဲ စမတ်ကျကျ ၀တ်ပြီးမှ စာသင်လေ့ ရှိတဲ့ အဘိုး...၊
မိန်းကလေးဖြစ်ပြီး ပစ်စလက်ခတ် ၀တ်စားလာရင် “နင်တို့ကို နင်တို့ “---” များ ထင်နေလားလို့ ဆူတတ်တဲ့ အဘိုး၊ လူငယ် ဖြစ်ပြီး စာဖတ်အားနည်းရင် အားမရတတ်တဲ့ အဘိုး...၊
တပည့်တိုင်းရဲ့ ချစ်ခင်လေးစားမှုကိုရတဲ့ အဘိုး..... 1999-2001 ခုနှစ်မှာ အဘိုးဆီမှာ အတူ ပညာသင်ခဲ့ကြတဲ့ ၂ နှစ်ကျော်ကာလမှာ နူးညံ့သိမ်မွေ့တဲ့ အတွေးအမြင်တို့နဲ့ ထက်မြက်တဲ့ အသိအမြင်တို့ကို သင်ကြားပေးခဲ့တာက တစ်သက်တာလုံးရဲ့ အတွေးအခေါ်မှာ လုံခြုံနွေးထွေးစေခဲ့တာပါ...။

“တင်းလွန်းကြိုး”

တရားအရိပ်၊ပုတီးစိပ်၍
သိုသိပ်အေးစွာ၊နေလိုပါလည်း...

လေပြန်ခြွေဖျက်၊မြေပေါ်သက်
ရွက်ဝါလေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ ....

မြူရိပ်စိုးတုံ၊အခိုးထုံ
မိုးမှုန်လေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ...

ပိတောက်ချိုပျံ့၊အစိုဖန့်
ပန်းနံ့မွှေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ...

သိမ့်ခါခြင်းသည်၊မတည်ငြိမ်မှု
အနုသယ၊သမုဒယဟု
ဆုံးမပါလျက်၊ထိန်းချုပ်ခက်သည်
ရမ္မက်လွန်ကြိုး၊တင်းလွန်းစွ ... ။ ။

ဗန်းမော်ညိုနွဲ့
၁၉၉၀၊ဧပြီ၊ရှုမဝ

“တင်းလွန်းကြိုး” ကဗျာလေးကတော့ မနော်ဟယ်ရီရဲ့ ကျွန်မချစ်သော ကဗျာများ ဆိုတဲ့ ဘလော့ကနေ ကူးခဲ့တာပါ.....။
ခုတော့ အဘိုးတစ်ယောက် သူ သတ်မှတ်ထားတဲ့ သမုဒယ ကြိုးတွေကနေ.....



1 comment:

Harry said...

မိုးအိမ်က ဆရာဗန်းမော်ညိုနွဲ့ရဲ့ တပည့် ဖြစ်ခဲ့ဖူးတာကိုး ...
ကိုယ် အင်မတန်ကြိုက်တဲ့ကဗျာဆရာကြီးပါပဲ ...
လရောင်ဆမ်း၍ ... ကတော့ တကယ့်ကို ဖတ်သူရင်ထဲ ရွာကလေးရဲ့ညကို မြင်ယောင်လာအောင် ဖမ်းစားနိုင်တဲ့ ကဗျာပါ ... ကိုယ်အင်မတန်ကြိုက်ပါတယ်