16 November 2009

အိပ်တန်းပြန်ချိန်





အိပ်တန်းပြန်ချိန်

အိမ်, သာမှ ဧည့်လာမည်။


သာသာယာယာ အိမ်အရိပ်သည်
ခိုလုံသူများ အမိုးအကာလုံဖို့တော့ လိုပါမည်
ဖြစ်လေ့ဖြစ်ထ သဘောတရားများထဲ
အံဝင်ဂွင်ကျ ထီးတစ်ချောင်း ဖွင့်ဖို့ ခက်သည်
အလိုက်အထိုက် သဘောတရား များတတ်ကြသည်
ယုံကြည်ချက်တချို့ စတေးလိုက်ရသည်
ခံယူချက်တချို့ ပြောင်းလဲလိုက်ရသည်...။

ဟိုး... အဝေးက.. ခေါ်သံများ
ကောက်စားကာ မြောက်စားတာ မဟုတ်ပေမယ့်
အနာဂတ်ကိုတော့ ခဏတာ အရောင်လက်စေသည်ပေါ့...။

ဆိုတော့....
ခွင့်သာခိုက်မှာ မလိုက်လျှင်
သက္ကရာဇ်များ သမားရိုးကျ ဆန်လေမည်လား
ထားလိုက်ပါတော့ အတွေးတွေ...။

ခုတော့...
မနှင်ရပါဘဲနှင့် လေလို လွင့်ခဲ့ရသည်
မရွာပေမယ့် သည်းမယ့်မိုးသားအောက်မှာ
နေရာပြောင်းကာ အိပ်မက်တွေ ကြိုးဖြည်ချရင်း
ကိုယ် မပိုင်တဲ့ ကိုယ့်နေရာတစ်ခုကို လှမ်းဆုပ်ကိုင်ရင်း
ကိုယ့် ဖြစ်ထွန်းမှုနှင့် ကိုယ်နေသားကျဖို့ ကြိုးစားရင်း
ရွက်ဝါ အခါခါ ဟောင်းသွားတဲ့ တစ်နေ့
ရာသီမပြောင်းတဲ့အိမ်လေးဆီ
တခါတခေါက်
ပြန်ရောက်ကြဖို့ မျှော်လင့်ချက် ကိုယ်စီ.....။

ကွယ်
အိမ်, မသာသေးလည်း
တစ်နေ့တော့
အိပ်တန်းပြန်လာမည်....။


ဂျွန်မိုးအိမ်

သံလွင့်အိပ်မက် မှာ ပါတဲ့ ကျွန်တော်ရဲ့ ပထမဦးဆုံး ကဗျာလေးပါ.. ဘ၀ တစ်ကွေ့မှာ အမှတ်တရ အဖြစ်ပေါ့...

1 comment:

Harry said...

ခုတော့...
မနှင်ရပါဘဲနှင့် လေလို လွင့်ခဲ့ရသည်
မရွာပေမယ့် သည်းမယ့်မိုးသားအောက်မှာ
နေရာပြောင်းကာ အိပ်မက်တွေ ကြိုးဖြည်ချရင်း
ကိုယ် မပိုင်တဲ့ ကိုယ့်နေရာတစ်ခုကို လှမ်းဆုပ်ကိုင်ရင်း
ကိုယ့် ဖြစ်ထွန်းမှုနှင့် ကိုယ်နေသားကျဖို့ ကြိုးစားရင်း
ရွက်ဝါ အခါခါ ဟောင်းသွားတဲ့ တစ်နေ့
ရာသီမပြောင်းတဲ့အိမ်လေးဆီ
တခါတခေါက်
ပြန်ရောက်ကြဖို့ မျှော်လင့်ချက် ကိုယ်စီ.....။

ကွယ်
အိမ်, မသာသေးလည်း
တစ်နေ့တော့
အိပ်တန်းပြန်လာမည်....။

အဲဒီအပိုဒ်လေးတွေက အကို့ရင်ထဲကို တိုက်ရိုက်ထိတာပဲ မိုးအိမ်ရေ ...
Expatriate တွေရဲ့ ခံစားချက်ပဲပေါ့ .. အကိုတို့ မြန်မာပြည်က expatriate လုပ်နေရတဲ့သူတွေကတော့ သူများလို မဟုတ်ဘူးလေ ... အများစုက ပို၍ သာသော အိမ်ကိုရှာဖွေကြတာ ... ကိုယ်တို့တွေကတော့ ... အင်း ...
အိပ်တန်းကိုသာပြန်ပါ ... မိုးဦးရေဆန်မှာ ဆယ်လ်မွန်ငါးတွေလိုတော့ မပြန်ပါနဲ့ကွယ်