18 November 2009

ရှင်သန်နေထိုင်မှု အနုပညာ

“သဘာဝ”

ဤလောက၌ ထူးဆန်းအံ့သြဖွယ်ရာအကောင်းဆုံးသည် “သဘာဝ” တရားပင် ဖြစ်မည် ထင်ပါသည်...။

“သဘာဝ” တရား၏ အံ့သြဘနန်း ဖွဲ့တည်ရာကို အနုပညာရှင်များနှင့် တွေးခေါ်ပညာရှင်များက ရှုထောင့် အသွယ်သွယ်မှ အမျိုးမျိုး ခံစားရေးဖွဲ့ကြသလိုပင် ထို “သဘာဝ”တရားကို အခြေတည်ပြီး သိပ္ပံပညာသည်လည်း ဖွံ့ဖြိုးတိုးတက်လာသည်ဟု ဆိုနိုင်မည်ထင်ပါသည်...။ တသွင်သွင် စီးဆင်းနေသော စမ်းချောင်းလေးများ၏ တေးသံကို ရှင်သန်နေထိုင်မှုတွင် ကူးယူခံစားစေလိုသော စိတ်ဆန္ဒပိုင်ရှင်များရှိသကဲ့သို့ ထို စမ်းချောင်းလေးများ၏ အင်အားကို တနည်းတဖုံ အသုံးပြုလိုသော စိတ်ဆန္ဒပိုင်ရှင်များလည်း ရှိပါဦးမည်။ အတွေးအမြင် အယူအဆ အားလုံးသည် “သဘာဝ” တရား၏ ဖွဲ့တည်မှုတွင် ကွဲပြားခြားနားစွာ ပြောင်းလဲ ဖြစ်တည်လာသည် ထင်ပါသည်...။

တူညီသော “သဘာဝ”တရားသည် ကွဲပြားသော အတွေးအခေါ် ခံစားမှုများကို ဖြစ်တည်နိုင်စွမ်းကြောင့်လည်း ဤလောက၌ ထူးဆန်းအံ့သြဖွယ်ရာအကောင်းဆုံးသည် “သဘာဝ” တရားပင် ဖြစ်မည် ထင်ပါသည်ဟု ဆိုခဲ့ခြင်းပင်။ “သဘာဝ” တရား၏ အလှအပ အနုသုခုမ အရောင်အဆင်း ပုံပန်းသဏ္ဍာန်တို့သည် ရှင်သန်နေထိုင်မှုတွင် ရိုက်ခတ် ထိစပ်နေသကဲ့သို့ပင် “သဘာဝ”တရားကို လိုအပ်သည့်အချိန် လိုအပ်သည့်နေရာတွင် လိုအပ်သလို ပြုပြင်ပြောင်းလဲ ကြံ့ကြံ့ခံနိုင်စွမ်းသည်လည်း ရှင်သန်နေထိုင်မှုတွင် လွန်စွာ အရေးပါမည် ထင်ပါသည်...။

ကျွန်တော်တို့ရဲ့ ရှင်သန်နေထိုင်ခြင်းဟာ ကမ္ဘာဥိးခေတ်ကတည်းက အခြေအနေ အမျိုးမျိုးအပေါ် လိုက်လျောညီထွေပြောင်းလဲလို့ အထွေထွေ အမျိုးမျိုးနဲ့ တည်ရှိလာခဲ့ရသည်။ လုံခြုံစိတ်ချရမှုနဲ့ ရာသီဥတုဘေးဒဏ်ကာကွယ်ဖို့အပြင် privacy ဖြစ်မှုအချက်တွေကို အဓိကအခြေခံခဲ့တာခြင်းတူပေမယ့် ဘာသာ၊ လူမျိုး၊ ခေတ်ကာလအခြေအနေနဲ့ ယဉ်ကျေးမှု၊ တိုးတက်မှုအပေါ်မှာ အကျိုးသက်ရောက်ပြီး အမျိုးမျိုး ကွဲပြားလျက် ပြောင်းလဲကွာခြားသွားရသည်။ ထို့အတွက် ကျွန်တော်တို့ရဲ့ Living_Life_Style လေးအပေါ်မှာ တစေ့တစောင်း လှမ်းကြည့်မိတာလေးတွေရှိသည်။ အတွေးတစ်ခုနဲ့ ခံစားမှုတစ်ခုခြင်းဆီကို စကားလုံးမှားခြင်းသည်။

သို့ပေမယ့် ကျွန်တော်ဟာ ဗိသုကာတစ်ဦးမဟုတ်သလို specialist designer တစ်ဦးလည်း မဟုတ်။ Civil Engineering ပညာရပ်ကို အနည်းငယ် လေ့လာနေတဲ့သူတစ်ဦးသာ ဖြစ်သည်။ သိတတ်စကတည်းက မိဘဖြစ်သူတွေ ရှင်သန်နေခဲ့တဲ့ engineering field အတွင်းမှာ အတူလိုက်ပါ ရှင်သန်ခဲ့ရတာ... နောက်ဆုံးအချိန်ထိလည်း ဒီ field ထဲမှာ နေခွင့်ရသွားဖို့ မျှော်လင့်နေမိသည်။ ဦးနှောက်ထဲက မှတ်သားထားမိတဲ့ အသိဥာဏ်တစ်ချို့နဲ့ နှလုံးသားထဲက ပညာရပ်တစ်ခုကို ချစ်မြတ်နိုးတဲ့စိတ်ကလွဲရင် ဘာမှလည်း မရှိပါဖူး။ ထူးထူးထွေထွေ ဘာမှလည်း ပိုမသိပါဖူး..။ သိနားလည်မိတဲ့ အတွေးလေးတွေကိုတော့ Positive altitude နဲ့ အားလုံးအတွက် တန်ဖိုးရှိတဲ့ စာတွေသာ မျှဝေလိုပါတယ်။ ကျွန်တော် မပိုင်ဆိုင်တဲ့ ကျွန်တော့် ဆိပ်ကမ်းတစ်နေရာကို လာလည်တဲ့သူတွေအတွက် အတွေး တစ်နေရာမှာ တစ်စုံတစ်ရာ ကျန်ရစ်ခဲ့စေရင်ဖြင့် ဒီ blog လေး ဖန်ဆင်းရကျိုးနပ်ပါပြီ။ ဒီဆိပ်ကမ်း တစ်နေရာမှာ နိုင်ငံရေး နဲ့ ဆိုင်သော အကြောင်းအရာများ၊တစ်စုံတစ်ဦးကို ထိခိုက်စေသော အကြောင်းအရာများ၊ ပုဂ္ဂိုလ်ရေးကို ထိခိုက်စေသော အကြောင်းအရာများမှ ကင်းလွတ်သော နေရာလေး ဖြစ်ဖို့တော့ မျှော်လင့်မိပါတယ်...။ ဒါကိုက ကျွန်တော်ရဲ့ နားလည်မှုနဲ့ တည်ဆောက်တဲ့ ကမ္ဘာလေးဖြစ်မယ် ထင်ပါတယ်...။ လာရောက်လည်ပတ်တဲ့သူများအားလုံး ဒီဆိပ်ကမ်းတစ်နေရာမှာ တစ်ခဏ ပျော်ရွှင်စွာ နားခိုနိုင်ကြပါစေ...။

-ဂျွန်မိုးအိမ်-

No comments: