28 November 2009

မိုင်တိုင် ၂၄

“မိုင်တိုင် ၂၄”


ဘယ်ကစပြီး ဘယ်ကို သွားမှာလဲ
မိုင်တိုင်ပေါင်းများစွာ… တစ်ခုပြီး တစ်ခု ဖြတ်သန်းရင်း
ဘယ်အရာကိုမှ တစ်မျှော်တစ်ခေါ် မလွမ်းချင်ပေမယ့်
ကျက်စားရာ စားကျက်တစ်နေရာနဲ့
စိုက်ပျိုးရာ ပန်းတစ်ခင်းအပေါ်မှာ
စာလုံးပေါင်းတွေ အကြိမ်ကြိမ် မှားနေခဲ့မိတာပါ….
ကျဲလိုက်တဲ့ ကြယ်အစင်းပေါင်းများစွာရယ်
ရိတ်သိမ်းရဦးမယ့် ကြယ်အစင်းပေါင်းများစွာရယ်
ဘယ်အချိန် စကားလုံးတွေ သွေးတိတ်နိုင်မှာလဲ
ခံတပ်တစ်ခုလို တည်ဆောက်မိတဲ့ စကားလုံးများ
ဝေးလွင့်တိမ်စိုင်တွေကို ရွာသွန်းစေတဲ့ စကားလုံးများ
ခါးသက်သက် နားလည်မှုတစ်ချို့ကို ဆေးကြောရင်း
စကားလုံးပေါင်းများစွာနဲ့
ဘ၀ကို ခဏခဏ ရေသောက်ဆင်းခဲ့မိတာပါ..
ခုတော့.. တဖြည်းဖြည်း…..
မကြေငြာဘဲ တိုက်ရတဲ့ စစ်ပွဲတွေ
ဘ၀မှာ များ, များလာခဲ့……..
ဆက်သွယ်မှု ဧရိယာပြင်ပမှာ
နေသား ကျ, ကျလာခဲ့………
အိပ်တန်းပြန် အိပ်မက်သက်သက်များ
ရင်ထဲမှာသာ ၀,၀ လာခဲ့ရတာ…
မိုင်တိုင် ၂၄ မှာ……….။



၂၄ နှစ်ပြည့်မွေးနေ့ အမှတ်တရ လုပ်တဲ့ စာအုပ်လေးမှာ တင်ထားဖြစ်တဲ့ အဖွင့်ကဗျာလေးပါ.......
အပြောင်းအလဲများစွာကို စနစ်တကျလက်ခံရင်း အိပ်မက်နဲ့ ပန်းတိုင်ဆိုတာကိုလည်း ခွဲခြားနားလည်နိုင်ခဲ့တဲ့ အချိန်ကာလ တစ်ခုကို ပြန်သတိရမိလို့ ဒီနေရာလေးမှာ အမှတ်တရ ပြန်တင်ဖြစ်တာပါ......
ခုချိန်ထိလည်း `ဘ၀´ ဆိုတဲ့ စာလုံးပေါင်းကို ခဏ ခဏ မှားပေါင်းနေမိသလို ထင်ဆဲပါပဲ...

တကယ်တော့
ဘဝဆိုတာ
အိပ်မက်များရဲ့ကားစင်သာ...
လို့ ဆိုပေမယ့် ယုံကြည်ချက် အိပ်မက်တွေကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဖို့ကြိုးစားရင်း နေ့သစ်တွေ ဆက်ရဦးမှာမဟုတ်ဖူးလားလေ....

3 comments:

ဖိုးမောင်(happycloud) said...

ညီမလေးရေ... ၂၄ဆိုတာ လုပ်ငန်းခွင်မှာ အတတ်ကြွဆုံးအချိန်ပေါ့... နောက် ပိုင်း အသက်ကြီးလာတာနဲ့ အိပ်မက်တွေ ပြည့်လာတာရှိသလို မဖြစ်နိုင်တဲ့ အိပ်မက်တွေကိုလည်း အတွေးမြစ်ပြင်မှာပဲ မျောပစ်လိုက်ရတာတွေရှိတယ်...။ အိပ်တန်းပြန်ချိန်ဆိုတာ သတ္တ၀ါတိုင်းအတွက် တမ်းတတတ်တဲ့ အချိန်ပါပဲ....။ ဒါပေမယ့် အခန့်မသင့်ရင် ပျံရင်း သေတဲ့ ငှက်တွေလိုပဲ....။ ခိုနားခွင့်ဆိုတာကို ပြန်ရောက်နိုင်ဖို့ တွေးရခက်ပါတယ်....။ ဘယ်နေရာဖြစ်ဖြစ် ဘယ်တောင်ပံပဲရရ...။ လေဆန်ပဲ ပျံပျံ... လေဟုန်ပဲ စီးချင်စီးရပါစေ.... စိတ်ထားကောင်းသူအတွက် အပျံ မခက်တတ်ပါဘူး...။

ခင်တဲ့

ဖိုးမောင်(happycloud) said...

ညီမရေ ဟိုနေ့က ပေးထားတဲ့ ကွန်မန့်မတွေ့လို ထပ်လာတာ... ခုမှ ၂၄ နှစ်ကျော်ပဲရှိသေးတာ အများကြီးကြိုးစားလို့ရပါတယ်...ပျံသန်းနေတဲ့ သူတစ်ယောက်အတွက် အိပ်တန်းပြန်ချိန်တမ်းတတာ သဘာဝလိုပါပဲ... တစ်နေ့တော့ ဖြစ်လာမှာပါ...
ခင်မင်တဲ့
ဖိုးမောင်

johnmoeeain said...

ဟုတ်ကဲ့ပါ အစ်ကိုရေ...
လေဆန်မှာ ပျံလိုက် လေဟုန်စီးရင်း ၀ဲလိုက်နဲ့ အတောင်ပံတွေ ဘယ်လောက်ညောင်းပါစေ... ဆက်ပြီးတော့ ပျံသန်းရဦးမှာပါပဲ.. တစ်ချိန် အိပ်တန်းပြန်ချိန် ကိုယ်နားခိုမယ့်နေရာလေးမှာ ကိုယ် စိတ်နှလုံး အေးချမ်းစွာနဲ့ ခိုလှုံချင်တယ်အစ်ကိုရေ...