11 December 2009

အိမ်ဆိုတာ အဝေးမှာ

အိမ်ဆိုတာ အဝေးမှာ

လူလေးတစ်ယောက် လူလားမြောက်တော့
အိမ်ဆိုတာအဝေးမှာ
ကမ္ဘာမြေရယ် မေမေရယ်
လူတစ်ယောက် ဆက်လက်ရှင်သန်ဖို့
ခေတ်ထဲ တက်ညီလကိညီလိုက်နိုင်ဖို့
အရိုင်းအထာတို့ရဲ့ အလယ်
လူလေးရဲ့ အိမ်ဆိုတာအဝေးမှာ
တစ်ချိန်ချိန်မှာ ပြည့်စုံမှာလား
ကမ္ဘာမြေရယ် မေမေရယ်
အရာရာ ကြည်လင်သန့်စင်ဖို့
ရှင်သန်ခြင်းအဆုံး
သက်ဆိုင်သမျှလည်း မုန်းစေ
လူလေးတစ်ယောက် အကြင်နာရဲ့တေး
မေတ္တာရိပ်နဲ့လည်း ဝေးနေ
ဖေဖေရယ် ..... မေမေရယ် ....
သူတို့ချစ်တဲ့ သားတွေရယ်
အားလုံးမျှော်လင့်သော ငြိမ်းချမ်းခြင်းတရား
သစ္စာတရားများ ထွန်းကားရာ
အိမ်ဆိုတာ အဝေးမှာ။


မြတ်ဝေ



မနေ့ညက အိပ်မက်တွေ…. နောက်တစ်နေ့ နံနက်ခင်းမှာ ပြန်စဉ်းစားတော့ တစ်ချို့က ပြန်မှတ်မိသလို... တစ်ချို့က ပျောက်ဆုံးသွားလိုက်တာ.. အိပ်မက်ဟာ အိပ်မက် မဟုတ်တဲ့အတိုင်းပဲ…. ။

ဒီလိုပါပဲ.. ငယ်ဘ၀ ဆိုတာဟာ အိပ်မက် တစ်ခုလို….

ပြန်စဉ်းစားမိလိုက်တိုင်း အမှတ်တရတွေ တိုးလာတာတွေရှိသလို…. ကြိုးစားပြီး မေ့ပျောက်လိုက်လို့ ကိုယ်နဲ့ မဆိုင်တော့သလို ထားခဲ့လိုက်ရတာတွေ…… ကိုယ်တိုင်က မမေ့ပျောက်ချင်ပါဘဲနဲ့ ပျောက်ဆုံးသွားခဲ့တဲ့ အတိတ်ရဲ့ အချိန်တွေ….. အိပ်မက်တွေ… အိပ်မက်တွေဟာ.. အခန်းငယ်.. အပိုင်းငယ်ပေါင်း များစွာ.. များစွာ…. များစွာရယ်ပါ…..။

တကယ်ပါပဲ….. ငယ်ဘ၀ဆိုတာ..
`ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံ´ တစ်ခုဆိုတာဟာ ငယ်ဘ၀ကို လွန်ပြီးမှပဲ နားလည် လိုက်ရတာမျိုးလေ…. `အမေ့အိမ်´ ဆိုတာမျိုးကလည်း တကယ် ဝေးကွာပြီဆိုမှ ပိုတမ်းတ မိတတ်တာမျိုး ထင်ပါတယ်…. ရုပ်ဝတ္ထုတွေ တိုးတက်ပါတယ် ဆိုတဲ့နေရာတစ်ခုကနေ ဟိုး…. အဝေး.. မြို့လေးဆီက `အမေ့အိမ်´ကို လွမ်းနေကြသူတွေ… အားလုံးရဲ့ ရင်ထဲမှာ… တောက်လောင်နေတဲ့မီးတွေကို ဘယ်အရာကများ ငြိမ်းပေးနိုင်မှာလဲ….။

တစ်နေ့နေ့.. တစ်နေ့နေ့… တစ်နေ့နေ့တော့… ပြန်လာခဲ့မယ်ဆိုပေမယ့်… ဒီစကားပြောပြီး… တစ်နေ့… တစ်နေ့… ဖြတ်သန်းလိုက်ရတာ.. နေ့တွေက.. မဆုံးနိုင်ဖူး… အကြိမ်ကြိမ်… သုညနား… သွားသွားကပ်နေတဲ့ စိတ်ဓါတ်ကို…. ပြန်ပြန်ဆွဲတင်ရင်း… ပြက္ခဒိန်စာရွက်တွေကို ဆုပ်ဖြဲနေရတုန်းပဲ… ကိုယ် ကိုယ်တိုင် ချမှတ်ထားတဲ့ limit တစ်ခုကို သိပေမယ့်.. ကိုယ်တိုင်က လိုက်နာဖို့ ခက်ခဲနေဆဲပဲ...။

ကြေကွဲနေမိတာ မဟုတ်ပေမယ့်… တစ်ခါ တစ်ခါတော့လည်း… ၀မ်းပန်းသနည်း… အူလှိုက်သည်းလှိုက်… ငိုချလိုက်ချင်ပါရဲ့…..။
ဒါပေမယ့်လည်း အားတင်းထားရဆဲပဲလေ….။

ဒီလိုပဲ… တစ်နေ့နေ့… တစ်နေ့နေ့… ဆိုတဲ့အသိနဲ့… မျှော်လင့်ရင်း… ရွက်လွင့်ရဦးမယ်….။

ဒီလိုပဲ… တစ်နေ့နေ့.. တစ်နေ့နေ့.. ပြန်လာမယ်…… ဆိုတာသိရက်နဲ့.. ဟိုးအဝေး အိမ်လေးတွေဆီကနေ… သူတို့…… နေ့တိုင်း….. မျှော်နေကြဦးမယ်လေ…။
9 Dec 09

1 comment:

သူရဲကောင်းကြယ် said...

အိမ်ဆိုတဲ့ ဝေါဟာကို
ငယ်ငယ်တုန်းက
ရင်းရင်းနှီးနှီး ရှိခဲ့ဖူးသလောက်

စိတ်ထဲမှာ ရင်းနှီးလာမှ
သူနဲ့ပြန်ဆုံဖို့ ခက်ခက်လာလေလို့
သိလာရတယ် ညီမရယ်။

အိမ်ဝေးသူများရဲ့ ခံစားချက်များဟာ
အလွမ်း မျဉ်းတစ်ကြောင်းရဲ့
အစိပ်အပိုင်းတွေလို့ ထင်မိတယ်ကွယ်။