17 December 2009

"ငါနေတဲ့နေရာက ဥသြ"

မိုးပြေးတစ်ပြိုက်

ဟောင်းရွက်ဝါတို့
ဝဲကာပျံကာ လေတွင်ပါလို့
ပြာပြာညို့ညို့၊ မင်းလွင်ဆို့သည်
နွေသို့ ရောက်ပြီ ထင်ပါရဲ့။

မနက်ခင်းတွင်
လေညှင်းသုန်သုန်၊ နှင်းမှုန်မှုန်နှင့်
ချမ်းလို့တုန်အေး၊ ခြုံမနွေးတော့
ဆောင်းရေးမပြယ်သေးဖူး ထင်ပါရဲ့။

ဆောင်းလား နွေလား
ဝိုးဝါးရောထွေး၊ မှုန်ရေးရေးတွင်
မိုးပြေးတစ်ပြိုက် ရွာလိုက်သည်။

ရွာသည့်မိုး
ဆောင်းမိုးလေလား......

ဟောင်းရွက်ကိုခြွေ
နွေကြိုမိုးလား
ဝိုးတ၀ါး........။

(မောင်လင်းကြည်)



ကျွန်တော် ချစ်တဲ့သူတွေရှိတဲ့....
ကျွန်တော့်ကို ချစ်တဲ့သူတွေရှိတဲ့...
ကျွန်တော်က ချစ်တဲ့....
ကျွန်တော့်ကို ချစ်လား မချစ်လား မသိတဲ့.....
ကျွန်တော် နာကြည်းမိတဲ့.....
ကျွန်တော့်ကို နာကြည်းမှုတွေပေးတဲ့... မြို့လေးရယ်....။
နွေဆိုရင် ရွက်ဝါကြွေမယ်... ဥသြတွေက အလွမ်းပိုမယ်....။ သူတို့ .... တေးဆိုတာလည်း ငိုတာလား ခုထိ ဝေခွဲမရဖူး....။
ဝသာန်ကို တစ်ခါရောက်တော့ တိမ်ညိုတွေရယ်....ပြိုဆင်းတော့မယ့်အတိုင်း အုံ့အုံ့သည်းသည်း သူတို့ ငိုကြသတဲ့လေ....။
နှင်းတွေ တဖွဲဖွဲနဲ့ သည်ဆောင်းချိန်ဆို... တောင်ပြာတွေမှာ ချယ်ရီတွေလည်း ဝေလာပြန်ဦးမယ်...။


ခုတော့ ဥတုရာသီကို မသိ... နွေ မိုး ဆောင်း မရှိတဲ့ ကျွန်းသေးသေးလေးပေါ်မှာ....
စစ်မှန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာကလည်း အဝေးမှာလား...။
သိရက်သားနဲ့ ပြန်ပြန်မေးမိတာကိုက မသိချင်ယောင်ဆောင်ချင်တဲ့စိတ်ကို ငါကိုယ်တိုင်လည်း သိနေမိပါရဲ့....။

"ငါနေတဲ့နေရာက ဥသြ"
၂၄ နာရီ
သုံး ရာသီ
လွမ်းတေးမပီ ဖွဲ့ဆိုသည်။
(ဂျွန်မိုးအိမ်)


သြော်... ရာသီသဘာဝကလည်း အမြင်တွေကိုတောင် ပြောင်းစေသတဲ့လားကွယ်...။
ဒါမှမဟုတ်.... ငါကိုယ်တိုင်က ဒီမြေ ဒီရေပေါ်က ဥသြသံကိုပဲ မခံစား မနားလည်မိတာလားကွယ်....
ဒီနေ့.....
မိုးလေးတဖွဲဖွဲနဲ့ တွေးမိတွေးရာ တွေးမိတဲ့ နေ့ပေါ့...။

17 Dec 09

2 comments:

မိုးခါး said...

ကဗျာနဲ့ စာကိုဖတ်ပြီး ဥသြသံတောင် ကြားမိသလိုလိုး))

JohnMoeEain said...

မိုးတဖွဲဖွဲ နဲ့ သူတို့ တေးဆိုတာကို လွမ်းဖို့ မခံစားတတ်သေးတာ
ကျွန်တော်ပဲ ညံ့သေးလို့နေမှာပါ အစ်မရယ်.... :D