15 December 2009

ကျွန်တော်နှင့် Softwares တစ်ချို့

ကျွန်တော်နှင့် Softwares တစ်ချို့

ကျွန်တော့်ဘ၀မှာ ကွန်ပျူတာဆော့ဝဲတွေနဲ့ ပတ်သက်ပြီး ဟိုစပ်စပ် သည်စပ်စပ် လေ့လာဖူးပါရဲ့…။ တစ်ချို့ကလည်း တောက်လျှောက်ကို လေ့လာဖြစ်သွားသလို တစ်ချို့ကလည်း တစ်ပိုင်းတစ်စနဲ့တင် ရပ်တန့်သွားရတာမျိုးလည်း ရှိပါတယ်…။ တစ်ချိန်တုန်းက ကျွန်တော် Civil Engineering နဲ့ ပတ်သက်တဲ့ Structural Software တွေ တော်တော်များများကို လေ့လာဖြစ်ခဲ့တယ်…။ AutoCAD လို Universal ဖြစ်နေတဲ့ Software တွေကစလို့ ETABS, SAFE, STADD Pro, STADD Foundation စတဲ့ Structural Software တွေအလယ် Sketchup, 3Dmax လို Design Software တွေ အဆုံးပေါ့လေ…။

လွန်ခဲ့တဲ့ နှစ် ဒီလိုအချိန်တုန်းက ကျွန်တော့်ဘ၀မှာ Analysis Method တွေရယ်… Software ပေါင်းစုံကို run ဖို့ စဉ်းစားချက်တွေရယ်ပဲ ရှိခဲ့ဖူးတယ်…။ ဒီလိုမျိုး လုပ်စရာလိုလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့လည်း အဲ့ဒီလောက် မလိုခဲ့ဖူးလို့ ဖြေ ရမည်လားဆိုတာ ခုထိ မသိသေးပါဖူး…။ တစ်ချို့ သူငယ်ချင်းတွေက မေးပါတယ်…။ “ဘာလို့ တခြားသူတွေ လွယ်လွယ်ကူကူ သိသွား လုပ်သွားနိုင်တာတွေကို နင်က ခက်ခဲနေတာလဲ” တဲ့….။ ကျွန်တော့်မှာ ဒီလို အမေးခံရတိုင်း ဖြေစရာ အဖြေ မရှိပါဖူး….။

ကျွန်တော် လေ့လာနေတဲ့ Software တွေက သုံးရတာ တော်တော်ကို အဆင်ပြေပါတယ်…။ လက်နဲ့ လချီပြီး တွက်ချက်ရမှာတွေကို စနစ်တကျ မှန်မှန်ကန်ကန်နဲ့ အချိန်ပိုင်းအတွင်း အဖြေ… ထုတ်ပေးနိုင်ပါတယ်….။ ဒါပေမယ့် ကျွန်တော်တို့ ရလာတဲ့ ရလာဒ်ဟာ မှန်လား မှားလားဆိုတာကိုတော့ ဒီ Software တွေက အာမခံချက် မပေးပါဖူး..။ ဒါဟာ သုံးတဲ့ user အပေါ်မှာသာ မူတည်နေတာပါ…။ နောက် data တွေကို Input သွင်းပါတယ်တဲ့…။ ဒါလည်း မခက်ခဲလှပါဖူး…။ ဘယ်အကြောင်းအရာ ဘယ်လို case မျိုးဆိုရင် ဘယ်လောက် သွင်းရမယ်ဆိုတာ မှတ်သားရ လွယ်ပါတယ်…။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လို အကြောင်းအရာတွေ ဖြစ်လာမယ်ဆိုတာ…ကို ယုတ္တိကျကျ တွေးတော အဖြေရှာတတ်ဖို့က လိုပါတယ်….။ အဲ့ဒီအခါမှာ ကြောက်စရာ ကောင်းတဲ့အရာကို ကြောက်တတ်ကောင်းမှန်း သိခွင့်ရတာတွေက ဒီ Software တွေကို သုံးတဲ့အခါမှာ ခြိမ်းခြောက်နိုင်လွန်းတယ်…။

ဥပမာပေါ့… - Input သွင်းတာကတော့ material specification လေး တစ်ခုပါပဲ…။ ဒါပေမယ့်.. ဒီ Specification လေးတစ်ခုဟာ တကယ့် Structure တွေမှာ ဘယ်လောက် အကြောင်းအရာထိ ပတ်သက်နေတယ်ဆိုတာ သိနေဖို့တော့ လိုမှာပါ….။ ETABS မှာ fc’ ဆိုတဲ့ Concrete Strength တွေ fy ဆိုတဲ့ Steel Yield Strength တွေကို သွင်းဖို့က လွယ်ပါတယ်..။ ဒီလိုပဲ… model တွေ (ရှုပ်ရှုပ်ထွေးထွေးတွေက လွဲလို့ပေါ့) တည်ဆောက်ဖို့ကလည်း အရမ်း မခက်ခဲပါဖူး..။ ဒါပေမယ့် ကိုယ် အသုံးပြုမယ့် Analysis Method တွေကို ရွေးချယ်တဲ့အခါ ကိုယ်ကတော့ Tool bar လေးကနေ ဘယ်အချိန်မှာ ဘယ်လိုဖြစ်ပါစေပေါ့…။ ရွေးချယ်လိုက်တာပါပဲ…။ ဟော့.. Structure တစ်ခုလုံးရဲ့ Deform ဖြစ်မယ့် Shape တွေက စလို့.. နောက်ဆုံး အဲ့ဒီ Structure အတွက် လိုအပ်တဲ့ Section Size တွေကို တစ်ခါတည်း အဖြေထွက်လာပါတယ်…။ ဒါကို ပြန် check ပြန်တော့လည်း ကိုယ်ပေးတဲ့ loading က များနေလို့ Deform ဖြစ်သွားတဲ့ member တွေကို Size ပြန်တိုး၊ Deflection တွေနဲ့ Serviceability တွေ အစရှိသဖြစ် ပြန် check ပေါ့…။ အိုကေ သွားရင် workdone တစ်ခုက ပြီးသွားပါတယ်…။ ပျော်ဖို့ကောင်းသလို စိတ်ဝင်စားဖို့လည်း အရမ်းကောင်းပါတယ်…။ ဒါပေမယ့် ကိုယ် စီးတဲ့ မြင်းပဲ.. အထီးအမ ဆိုတာလောက်တော့ သိထားချင်မိတယ်…။ ဘယ်လို အကြောင်းအရာတွေကြောင့် ဒီလို အဖြေထွက်လာတာလဲဆိုတာကို သိချင်နေမိတာက ကျွန်တော့်ရဲ့ ဆာလောင်မှု တစ်ခုလို့ပဲ ဆိုရမှာပါ…။ ဒါနဲ့ပဲ..Structural Software တွေ အဓိက မောင်းနှင်တဲ့ Finite Element Methodကို လေ့လာချင်ပြန်ရော..

အဲ့ဒီမှာ ကျွန်တော့်အတွက် မဟာ အခက်အခဲကြီး စတင်တော့တာပါပဲ….။ Finite Element Method ဆိုတာကလည်း Master တန်းတွေမှာ အထူး သင်ယူရတဲ့ ဘာသာရပ်တစ်ခုဖြစ်သလို Computer Program တွေနဲ့လည်း သက်ဆိုင်နေပြန်ရော…။ ဒီတော့လည်း လောဘ အခံလေးနဲ့ C++ ကို လေ့လာချင်ပြန်ရော…။ ဒါနဲ့ပဲ C++ ဆိုတာ ဘယ်လိုအရာမျိုးဆိုတာက ဆက်လှမ်းလို့ လေ့လာဖြစ်ပြန်ရော….။

တစ်ချို့ ပညာရပ်တွေမှာ ကိုယ် အစဆွဲမိတဲ့ ကြိုးက လမ်းကြောင်းတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲ့ဒီ လမ်းကြောင်းရဲ့ အဆုံးကို မှန်မှန်ကန်ကန်နဲ့ တိတိကျကျ လျှောက်နိုင်ဖို့က အချိန်ရယ်၊ ကိုယ့် အားထုတ်မှုရယ်၊ ကိုယ့် စိတ်ဝင်စားမှုရယ်နဲ့ သက်ဆိုင်နေပါတယ်….။ တဖြည်းဖြည်းနဲ့ ဆော့ဝဲတွေကို အသုံးပြုရင်း သူ့ရဲ့ သဘောတရား၊ အသုံးပြုတဲ့ user ရဲ့ လိုအပ်ချက်တွေနဲ့ ကိုယ်အသုံးချချင်တဲ့ ပညာရပ်ရဲ့ နက်နဲမှု လှပမှု မှော်ဝင်မှုတွေပေါ်မှာ လိုက်ပါစီးမျှောရင်း ကျွန်တော့်လမ်းကြောင်းလေးက အစကနဦးနဲ့ နည်းနည်းစီ ကွာခြားလာခဲ့ပြီ ထင်ပါတယ်…။

ဘ၀မှာပေါ့…။ ကိုယ် ဆိုက်ကပ်ချင်တဲ့ဆိပ်ကမ်းက ဘယ်နေရာဆိုတာ သိလိုက်ရဖို့ အချိန် တစ်ချို့လည်း ပေးခဲ့ရပါတယ်…။ ပေးလိုက်ရတဲ့ အချိန်တွေနဲ့ တန်ဖိုးတူညီတဲ့ အသိတရားတွေလည်း ရရှိခဲ့ပါတယ်…။ ကျွန်တော်ရဲ့ စိတ်ဝင်စားမှုအလိုက် ကျွန်တော် အသုံးပြုတဲ့ software တစ်ချို့ကတော့ ပြောင်းလဲနေဦးမှာ ဖြစ်သလို အခု ကျွန်တော် သွားနေတဲ့ ဆိပ်ကမ်းနဲ့ ကျွန်တော် တပ်ထားတဲ့ ရွက်က ကိုက်ညီပါရဲ့လားဆိုတာ ကျွန်တော့်ကို ကျွန်တော် ဆန်းစစ်နေဆဲပါပဲ…။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကိုတော့ အမြဲ ကျေနပ်နေမိမှာပါ….။



2 comments:

ဖိုးမောင် said...

ညီမရေ... ခြေရာတွေတိုင်းကို ကျေနပ်နေရင်ပဲ ကိုယ်လျှောက်ခဲ့တဲ့ လမ်းတွေ မှန်နေတယ်ဆိုတာ သေချာတာပေါ့....
အကို သူငယ်ချင်းတစ်ယောက် အမြဲပြောဖူးတဲ့ စကားလေး အမှတ်ရမိတယ်... ဘယ်ပညာဖြစ်ဖြစ် မတတ်လို့ မသင်ခဲ့လို့ နောင်တရတာပဲ ရှိတယ်... သင်မိလို့၊ တတ်မိလို့ နောင်တရတယ်ဆိုတာ မရှိဘူးတဲ့ ... အဲဒီတော့ ဘာဖြစ်ဖြစ် သင်တာသင်မယ်ကွာတဲ့... သူပြောတာ အစွန်းရောက်ပေမယ့် ယေဘုယျတော့ လက်ခံမိတယ်ညီမရေ...
ခင်မင်စွာဖြင့်
အကို ဖိုးမောင်

ဂျွန်မိုးအိမ် said...

ဒီ ပို့စ်ကို modify လုပ်ပြီးပြီးချင်း ပထမဦးဆုံး မှတ်ချက်စကားလေး ဆိုပေးတဲ့အတွက် ကျေးဇူး :)

ကိုယ် ပေးခဲ့ရတဲ့ အချိန်တွေအတွက် ဘယ်တော့မှ နောင်တရတာမျိုး မဖြစ်နိုင်သလို.. ဒီလို ကိုယ် ဘာကို လိုချင်လဲဆိုတာကို ကိုယ့်ကိုကိုယ် စမ်းသပ်ရင်း ဝေဖန် ပိုင်းခြားခွင့် ရှိခဲ့တာကိုလည်း ကျေးဇူးတင်နေမိတယ်..။ ပြီးတော့ ကိုယ် သွားခဲ့တဲ့ ခရီးမှာ ဖြတ်သန်းခွင့်ရတဲ့ ပတ်ဝန်းကျင်ကောင်းတွေအတွက်လည်း ကျေနပ်တယ်... အစ်ကိုရေ....