01 January 2010

ဆောင်းမနက်ခင်းမှာ ရွာတဲ့မိုး

ဆောင်းမနက်ခင်းမှာ ရွာတဲ့မိုး

လေကိုဆန်လွင့်
မိုးမြင့်တက်ခွင့်မရတဲ့
ငါတို့ရဲ့ ရင်ခုန်သံတွေ
ပြိုကျလာတဲ့
မိုးတိမ်ညိုတွေလို
အတိတ်နေ့ရက်အိုထဲ
လွဲချော် တိမ်းမှောက်
ဒါဟာ
ဒဏ္ဍာရီတစ်ပုဒ်ရဲ့
နှုတ်ဆက်တေးသွားလားကွယ်
မျက်ရည်ကို ချိုအောင်
လှည့်စားနိုင်လွန်းတယ်....။

ကံကြမ္မာဆိုတဲ့ ၀ှက်ဖဲ
နက်နဲစွာ တွက်ချက်ခွင့်တွေ မရှိဖူး
ဘ၀ မေးခွန်းဆိုတာတွေကလည်း
ဖြေဆိုခွင့်တွေ လွယ်လွယ်ရသလောက်
နားလည်ခွင့် ဘာသာပြန်ဖို့တောင် ခက်ခဲတယ်....။

ဒီခရီး နဲ့ ဒီလမ်း
တကယ်တမ်းက
ပြန်လွမ်းခွင့် မရှိတဲ့ ဘာသာဗေဒ
အောင်မှာ သေချာတဲ့ စာမေးပွဲတစ်ချို့
မရေရာတဲ့ မျှော်လင့်ခြင်းတွေ
လှလှပပ ခင်းကျင်းနိုင်ရက်နဲ့
ဘာသိဘာသာ ဝေးရင်းဝေးရင်းပါပဲ...။

ဘုရားသခင်ရဲ့
စာမျက်နှာသာ ဖတ်တတ်ခဲ့ရင်
နှလုံးသားကို စတေးပြီး
မနက်ဖန် အသေတွေပဲ ရွေးချင်တယ်
ဒီဇာတ်လမ်းကို မရေးလိုဖူးကွဲ့.....။

အဆုံးမဲ့ နိဂုံးမှာ ဝေးမယ်မှန်းသိရက်နဲ့
အရှုံးချိုမြမြအတွက် နှလုံးသားကို ရွက်တပ်
ကိုယ်တိုင်ပဲ ခရီးဆက်ခဲ့ မဟုတ်လား
ဒီအတွက် နှုတ်ဆက်လမ်းခွဲဟာ
မျဉ်းပြိုင်တွေလို မျက်နှာချင်းဆိုင် ဝေးများဝေးရင်
အလွမ်းကဗျာတွေတော့ ဖွဲ့ခွင့်ရှိသေးရဲ့....။

မျက်ဝန်းညိုညိုမှာ
မုတ်သုန်မိုးတွေ
သွန်းဖြိုးလာတဲ့အခါ
ပြိုကျလာမယ့် မိုးတိမ်တွေအတွက်
ဥပေက္ခာတရားတွေ လိုအပ်နေတယ်....။

ဒါဟာ
ဆောင်းနံနက်ခင်းတစ်ခုဆိုရင်
ငါတို့ရဲ့ ကောင်းကင်ဟာ
နှင်းတွေမဝေပဲ
အက်ဆစ်မိုးတွေ သံချက်ထိုးခဲ့ပေါ့...။

ဂျွန်မိုးအိမ် (19th-July-2005)

စကားချပ်။......။
ကျောင်းတက်တုန်းက ရေးခဲ့တဲ့ ကဗျာဟောင်းတစ်ပုဒ်။
ကျောင်းသားဘ၀ဆိုတာက တကယ်တမ်းက မျှော်လင့်ချက်တွေ အပြည့်နဲ့ ရွက်လွှင့်ရဲရမယ်။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ဖို့အတွက် ခိုင်မာတဲ့ ခံယူချက်တွေနဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ရှိရမယ်လေ...။ အလွဲသုံးစားတွေ မလိုဖူး။ ဖြတ်လမ်းတွေကို မနင်းဖူး။ ကိုယ်ယုံကြည်တာ ကိုယ်လုပ်ရင် တစ်နေ့နေ့တော့ ဖြစ်လာမယ်တဲ့...။ တစ်ချို့အရာတွေက စာရွက်နဲ့ လေထုထဲမှာပဲ ရှိရှိခဲ့ရပြီး လက်တွေ့မှာ ထိထိလာရတဲ့ ဒဏ်ရာတွေများ ဖြစ်ခဲ့လေမလား။ ဖြတ်သန်းလာပြီးတဲ့တစ်နေ့ တစ်ချိန်တစ်ခါက ကိုယ်တွေးခဲ့ဖူးတဲ့အတွေးတွေ ခံယူချက်တွေရဲ့ အပြောင်းအလဲကို ပြန်ကြည့်တဲ့အခါမှာ အမြင်တွေ ရင့်ကျက်လာခွင့်များ ရလာမှာလား...။ ရင့်မာရင့်သန်မှုတွေနဲ့ ငယ်ငယ်က အဖြူရောင်အတွေးတွေ အရောင်ပြောင်းခဲ့မှာလား...။
ကျွန်တော့် ကောင်းကင်မှာ အက်ဆစ်မိုးတွေကို သံချပ်မထိုးချင်ခဲ့ပေမယ့် မိုးသားတွေကို တားဆီးခွင့်များ မရခဲ့ရင်လို့ တွေးမိတော့....။

No comments: