13 March 2010

လေတံခွန်

“လေတံခွန်”

လေအစုန်မှာ

လေဟုန်စီးရင်း

တစ်လွင့်လွင့်တက်

ငါ…

မိုးတိမ်တွေပေါ်

ခိုစီးပါရစေသား…..။

ရစ်ဘီးမှာ

နှောင်ငင်တွယ်

ကြိုးရယ်တင်းပြန်တော့

ကမ္ဘာမြေပေါ်

ဦးခိုက်တစ်ဖန်

ငါ…..

အကျဉ်းတစ်ခါ စံ

သို့ပေမယ့်

စိတ်အတွေးဟာ

လွတ်လပ်ရပါစေသား…..။


ဒီနေ့ ဘာရယ်မဟုတ် လူက နည်းနည်းလေး အားပြည့်လာတော့ အပြင်လေး ဘာလေးထွက် ဟိုငေး ဒီငေး….။ ရှေ့မှာ လေတံခွန် တစ်စင်းရယ်လေ… လေဟုန်စီးရင်း တက်သွားလိုက်တာ…. အရမ်းလည်း လှတယ်… အားမာန်လည်း ပြည့်တယ်…..။ ဒါပေမယ့်… ဒါပေမယ့်ပေါ့….. ကျွန်တော် ကြည့်ရင်း ကြည့်ရင်း…. သူ နိမ့်..နိမ့်ဆင်းလာတာ မျက်စိရှေ့မှာတင် ကွယ်ပျောက်သွားတော့…. ဘာရယ်မဟုတ်… ကျွန်တော် ငိုမိတယ်…။

တကယ်တော့ ဘ၀ဆိုတာလည်း လေတံခွန် တစ်စင်းလိုပါပဲ…..။ ဟိုး အဝေးဆီမှာပဲ အိပ်မက်တွေကို ရွာချရင်း ကျွန်တော် နေသားကျအောင် ကြိုးစားခဲ့တယ်….။ ဒါပေမယ့်လည်း ပင်ကိုယ်အားနည်းတဲ့စိတ်က တစ်ခါ တစ်ခါတော့လည်း ရှုံးပါတယ်….။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်တော့ ထ ရမှာပဲလေ…။

(စကားချပ်…..။ ။ စိတ်ရော လူပါ ဖျားနာနေတုန်း ရေးမိခဲ့ပါတယ်…. 26th February 2010)

-x-x-x-x-x-x-x-x-x-x-x-

12th March 2010

ကိုယ်မပိုင်ပေမယ့်

ကိုယ်နဲ့သက်ဆိုင်နေတဲ့

နေရာတစ်ခုတဲ့

တစ်ဖန် ပြန်ခိုဝင်နားခဲ့

၆ လ အကြာမှာ

မေမေရယ်

ကျွန်တော့် ရင်ထဲကဒဏ်ရာတွေ

သွေးအနည်းငယ် တိတ်ခဲ့ပါတယ်

လောလောဆယ်လည်း

အတွေးမှာ

လေတံခွန်တစ်ခုလိုပဲ…..။

(စကားချပ်…..။ ။ စိတ်ရောလူပါ အားဖြည့်ရင်း ရောက်လာခဲ့ပြန်ပေါ့ ခြင်္သေ့မြေရယ်….။ အသိုက်တွေ မှားခဲ့တာကို :) ....။ ဒါပေမယ့် ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေတဲ့ အိမ်ကိုဖုန်းခေါ်မရတဲ့အခါ မမျှော်လင့်ပဲ ဒီ post ကို လာတင်ဖြစ်တယ်…..။:D)

No comments: