28 March 2010

တာပိန်လား ဧရာဝတီလား....။


တာပိန်လား ဧရာဝတီလား....။

မြေနုကျွန်းနဲ့ တောင်တန်းနဲ့
မကုန်ခန်းတဲ့ မြစ်စမ်းနဲ့....
မပြောင်းလဲတဲ့သဘာဝ
မတည်မြဲတဲ့ သင်္ခါရ......။

တာပိန်ဟာ
အကြိမ်ကြိမ်တွေးနေမိတယ်…
သူ့ဝမ်းတွေပေါက်
မြေနုကျွန်းတွေ ဘယ်လောက်ထွက်နေပါစေ
တစ်နေ့ ရေတွေနည်းလာရင်
ချုပ်ထိန်းထားတဲ့ သူ့မျက်ရည်
တာရိုးတွေကျော်အောင် စီးဆင်းပေးဦးမယ်တဲ့….။

အခု ပြန်တွေးကြည့်တော့လည်း တာပိန်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့တောင်မတူတာ.... နောင်တစ်ချိန်လည်း ဒီမြေ ဒီရေ ဒီသဘာဝ ဒီထက် ပြောင်းလဲသွားမှာပါပဲ….။ ဒီလိုပဲ… တာပိန်ရဲ့ ကမ်းတစ်ဖက်မှာရှိခဲ့တဲ့ ငယ်ဘ၀ အမှတ်တရတွေက ဟောင်းနွမ်းလာမှာပါပဲလားလို့… တစ်ခါ တစ်ခါ အတွေးမှာ….။

ထူးဆန်းတဲ့ အဖြစ်တစ်ခုပါ... ဆယ်စုနှစ်တစ်ခုကျော်ကြာပီးမှ ကိုယ့်အိမ်အနောက်မှာ စီးဆင်းနေတဲ့ မြစ်ကို ဘာမြစ်မှန်း သိတယ်… :D … တစ်ချို့ လွဲမှားမှုတွေက နည်းနည်း ဟာသဆန်ပါတယ်… ။

ဒီနေ့တော့ ဘာရယ်မဟုတ်ဖူး… ခွဲခွာထားရတဲ့ တာပိန်ရဲ့ ကမ်းနဖူးပေါ်က အိမ်လေးကို လွမ်းပါတယ်…။ ကိုယ့်ရဲ့ အိမ်လို့ဆိုတာထက် သာမန် အိမ်လေးတစ်လုံးလို လွမ်းတာပါ…။ တစ်ခါက ငါနေဖူးခဲ့တယ်ဆိုတဲ့ အိမ်လေးအဖြစ်ပေါ့….။ အခု ကျွန်တော်နေနေတဲ့ အခန်းလေးကို နောင်တစ်ချိန် ပြန်လွမ်းရပြန်ဦးမယ်…။ နောက်လ ကျွန်တော် သူနဲ့ ခွဲခွာရပြန်ရင်ပေါ့….။

သြော်… ဘ၀ဆိုတာ… အမှတ်တရတွေကို ဟောင်းနွမ်းပစ်ဖို့ အချိန်တွေကို တိုက်စားပစ်လိုက်ရပါတယ်…။

No comments: