06 April 2010

မြို့ ကလေး သို့ (၂)......


မြို့ ကလေး သို့ (၂)......

ကျွန်တော်ချစ်တဲ့ မြို့ကလေးရယ်...။

ဒီချိန်ဆို နေရောင်က ရွှေအိုရောင် ရောင်ခြည်တွေနဲ့ ယှက်သန်းလာပြီး တောင်ပြာတွေမှာ နှင်းတွေလည်း ကွဲလောက်ပြီ...။ ကျွန်တော့် အတွက်ကတော့ အလွမ်းတွေက သည်းနေတုန်းပဲလား.. ၂၄ နာရီ...။ မြို့ကလေးက စက္ကန့်တံတွေပေါ် နားခိုရင်း တစ်ချက်ချက်နဲ့ ပြောင်းလဲလာခဲ့မှာပဲ...။ ဒီအတွက် ကျွန်တော့်စိတ်ထဲမှာ ငယ်ဘ၀ အမှတ်တရတွေကိုပဲ ထာဝရ သိမ်းထားနေမိတယ်...။ ကျွန်တော့် စိတ်အာရုံထဲ သော့ခပ်လုံခြုံစွာ သိမ်းထားတဲ့ ငယ်ဘ၀ ရက်စွဲတွေ ပိုင်ဆိုင်ထားတဲ့ မြို့ကလေးရယ်....။ အမှတ်တရများစွာနဲ့ ကျွန်တော် သင့်ကို လွမ်းပါတယ်....။

သြော် ……မြို့ကလေးရဲ့....။

တာပိန်က မြို့ကလေးကို ရစ်ခွေစီးဆင်းနေတာကို အားကျမခံ... သင်ကလည်း ကျွန်တော်ရဲ့ နှလုံးသွေးကို ရစ်ခွေထားပြန်သည်ပေါ့...။ တက်ချိန် ကျချိန်တွေ နရီမမှန်တော့တဲ့ တာပိန်ကို သင်က ထာဝရ ပိုင်ဆိုင်ထားသလို.... အပြောင်းအလဲတွေနဲ့ မသေချာတဲ့ ကျွန်တော့်အနာဂါတ် တစ်နေရာကိုလည်း သင်ပိုင်ဆိုင်ထားပါရဲ့လား....။ တောင်ပြာတွေပေါ် မိုးတွေ သည်းသည်းညို့ညို့ ရွာတဲ့အခါ တာပိန်မှာ ရေတွေလျှံဦးမယ်...။ ဒါပေမယ့် ကျွန်တော့်အလွမ်းတွေ ဘယ်လောက်ပဲ ထွေထွေမှိုင်းမှိုင်း ကျွန်တော် ပြန်လာနိုင်ဦးမယ် မသေချာဖူးဆိုတာ မြို့ကလေး သိနိုင်ရဲ့လား...။ တကယ်တော့ မြို့ကလေးရဲ့.!!! အလွမ်းဆိုတာ စိတ်ကိုလည်း အင်အားပေးနိုင်တယ်ကွဲ့....။ ဒီအတွက် ကျွန်တော့်နေ့ရက်တွေကို ဆက်ဖို့ ခွန်အားတွေများ မွေးဖွားဖို့ ကျွန်တော် သင့်ကိုလွမ်းနေမိတာလား...။

ကျွန်တော်ချစ်တဲ့ မြို့ကလေးရယ်....။

မြို့ကလေးဆီကနေ မွေးဖွား၊ မြို့ကလေးရဲ့ မြေဆီတွေကို စားပြီး တစ်ချိန် ကျွန်တော့်လို မြို့ကလေးရဲ့ အဝေးကို ပြေးသွားတဲ့သူတွေလည်း များရောပေါ့...။ ဒါဟာ ထူးမခြားနား ပြဇာတ်တွေအဖြစ် မြို့ကလေး မှတ်ထင်ထားမှာပါ...။ ဒါပေမယ့် မြို့ကလေးရဲ့...။ ကျွန်တော်ရဲ့ အိပ်မက်တွေကို ရွာချဖို့ မြို့ကလေးရဲ့ လယ်ကွင်းတွေက သီးနှံတွေ မဖြစ်ထွန်းသေးဖူး...။ ကျွန်တော်ဖန်တီးချင်တဲ့ တေးသွားတွေ ဆိုညည်းပြဖို့ မြို့ကလေးမှာ ပရိသတ်တွေ မရှိသေးဖူး...။ နောက်ဆုံး ကျွန်တော်နားခိုချင်တဲ့ ရင်ခွင်တစ်နေရာဟာ မြို့ကလေးမှာမှာ ရှိမလာခဲ့ဖူး..။ ဒါပေမယ့် မြို့ကလေးရဲ့….။ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ မြို့ကလေးကို ကျွန်တော် ချစ်ဆဲပဲဆိုတာ သိထားရမယ်။

ကျွန်တော်ချစ်သော မြို့ကလေးရယ်....။

ပိတောက်တွေက နှစ်သစ်ကို ရောက်ပြီဆိုပြီး တံခါးလာလာခေါက်နေပြီကွဲ့...။ နွေဆိုရင် ကျောင်းပိတ်လို့ ဆိတ်ဆိတ်ငြိမ်ငြိမ် လမ်းတွေပေါ်မှာ ဥသြတွေ မင်းမူရောပေါ့...။ မြို့လယ်က စေတီဝန်းထဲ ပေါက်ပန်းတွေလည်း ရဲရဲနီနီ ပွင့်နေဦးမှာပဲလို့.. ကျွန်တော် သိနေတယ်…။ ဘုရားဝန်းရှေ့က ကြာကန်ကြီးလည်း ခြောက်ခြောက် သွေ့သွေ့ ရှိနေဆဲပဲ ဖြစ်ဦးမယ်…။ အရင်က ဒီသဘာဝတွေကို မြတ်နိုး၊ တန်ဖိုးထားတဲ့သူ ကျွန်တော့်ကို သူငယ်ချင်းတွေ ရယ်သွမ်းသွေးတယ်…။ ခုတော့ မြို့ကလေးရဲ့…။ ကျွန်တော့်နားမှာ ဒီ သဘာဝတွေလည်း မရှိ၊ ရယ်သွမ်းသွေးမယ့် သူငယ်ချင်းတွေလည်း မရှိ…။ ဒါပေမယ့် ခြောက်ခြောက်သွေ့သွေ့နဲ့ အလွမ်းတွေတော့ ရှိလေရဲ့….။

ကျွန်တော်ချစ်သော မြို့ကလေးရယ်…။ မြို့ကလေးအကြောင်း စာစီလိုက် ကဗျာသီလိုက်တိုင်းမှာ အလွမ်းတွေနဲ့လည်း မှိုင်းရီဝေရပါရဲ့...။ ဖော်ပြရန်ခက်ခဲတဲ့ အတွေးများနဲ့လည်း စိတ်တွေလည်း ကွဲကြေရပါရဲ့...။ မြို့ကလေးကတော့ သိနိုင်မယ် မထင်ဖူး….။ သိလည်း မသိစေချင်ဖူး…။ သြော်….. မြို့ကလေးငဲ့….။ ။

(စကားချပ်...။ ။ ဘာရယ်မဟုတ်ဖူး..... ဒီတလော ရေးချင်တာက တစ်ခြား...။ စဉ်းစားလိုက်တိုင်း စိတ်တွေ ပင်ပန်းလွန်းလို့ မရေးဖြစ်ပဲ တွေးပြန်တော့ အိမ်ကို သတိရပြန်ရော....။ သြော်... လေယာဉ်လက်မှတ် ကောက်ဝယ်ပြီး ပြန်လည်းရတဲ့ဟာ ဘာလို့များ အပင်ပန်းခံနေတာလဲလို့... ဆိုပြီး စိတ်ဖြေလိုက်ပြန်တယ်...။ အဟီး...။ ဒါနဲ့ပဲ အတွေးမိုးတွေကို ဒီနေရာမှာ လာရွာချလိုက်မိပါတယ်.... ရွာမယ့်မိုးအတွက် တောင်လေး သုံးလုံးနဲ့ ချောင်းလေးတစ်ခုကိုတော့ paint မှာ ဟိုခြစ်ဒီခြစ်ပေါ့ :P )


ဆက်စပ်လျက်
မြို့ ကလေး သို့ (၁)......

6 comments:

Wai Phyo said...

အင်း သူပြောမှပဲ မြို့လေးက ဘာမှကို လုပ်မပေးတာပဲ..
ဒါကြောင့်ပဲ ပါးစပ်နဲ့ပဲ ချစ်နေကြတာနေမှာ..း)

ဂျွန်မိုးအိမ် said...

;waaaaa :s... သိရက်နဲ့ ပြောတယ်... ။

လူဆိုးပဲ...။ ရက်ရက်စက်စက်....။
မြို့ကလေးက...ဘာမှ မလုပ်ပေးပဲ အလွမ်းတွေပဲ ပေးနေတာလေ....
ဒီထက်သာ လုပ်ပေးရင် ရူးမှာပဲ :sad သိလား

MTZO said...

မြို့ ကလေး သို့ ဆိုတော့ ........
တခုခုကိုဖတ်ပြီး....................
တခုခုကိုသတိရလို့ ...............
ရေးထားတာလားမသိ.............
;thinking;

မိုးမောင် said...

စာတိုလေးဆိုပေမယ့်.. ဝေ့ကာဝဲကာရေးထားတဲ့ အဖွဲ့အနွဲ့လေး သဘောကျပါတယ်။ ဒီလို စာနုစာယဉ်လေးတွေ ဖတ်ရတာအရသာ တမျိုးပေါ့လေ။

myint said...

လွမ်းရတာစိတ်ပင်ပန်းလို့...
ဇွတ်မေ့ထားခဲ့တဲ့မြို့ကလေး...
ဒီစာကိုဖတ်ပြီးချက်ချင်းပြေးသွားခြင်မိတယ်...

ဂျွန်မိုးအိမ် said...

တောင်ကြီး ၂ တောင်ရဲ့ အရိပ်အောက်မှာ မြို့ကလေးက အေးအေးချမ်းချမ်း တည်ရှိနေပေမယ့် ကျွန်တော်ကတော့ မြစ်ကလေးကို ဖြတ်ကျော် ပျံသန်းပြီး နောက်တစ်နေရာမှာ ကိုယ်ပိုင် တောင်လေးတစ်လုံး အဖြစ် ရပ်တည်နေမိတယ် ထင်ပါရဲ့... အတွေးမှာ..ပေါ့...