30 April 2010

ဗန်းမော်…ဆိုတာ.....


ဗန်းမော်…ဆိုတာ.....

ဗန်းမော်ဆိုတာ မြန်မာနိုင်ငံမြောက်ပိုင်းက မြို့လေးတစ်မြို့ရဲ့ အမည်ပါ…။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပထ၀ီမှာ သင်ခဲ့ရတဲ့ စာလေးတစ်ပိုဒ် ရှိပါတယ်…။ “ဧရာဝတီမြစ်၏ သဘောင်္လမ်းဆုံးမြို့မှာ ဗန်းမော်မြို့ ဖြစ်ပါသည်” တဲ့။ အဲ့ဒီမြို့ကလေးပါ…။ ဗန်းမော်ဆိုတာ….စိန်လုံတောင်တွေနဲ့ ၀န်းရံထားတဲ့မြို့..။ ဗန်းမော်ဆိုတာ…. တာပိန်နဲ့ ဧရာဝတီ ပေါင်းဆုံတဲ့ နေရာကမြို့…။ ဗန်းမော်ဆိုတာ…. သဘောင်္လမ်းဆုံးတဲ့မြို့…။ ဗန်းမော်ဆိုတာ…. ရှိပြီးသား လေယာဉ်ကွင်းကြီးကို နှစ်ပေါင်းနှစ်ဆယ် မွမ်းမံပြီး 2010 မှာ ဂျက်လေယာဉ်ကြီး ဆင်းသက်နိုင်တဲ့မြို့…။ ဗန်းမော်ဆိုတာ…. နောက် နှစ် နှစ်ဆယ် စီမံကိန်းနဲ့ ဘယ်ချိန် ရထားလမ်း ပေါက်မယ် မသိတဲ့မြို့။

ဗန်းမော်ဆိုတာ ကျွန်းသစ်တောနဲ့ အအေးပိုင်း မိုးများတဲ့သစ်တောတွေ အုပ်ဆိုင်းထားတဲ့မြို့။ ဗန်းမော်ဆိုတာ ဥသြတွေတွန်တဲ့ နွေရာသီမှာ ဧရာဝတီထဲ သောင်ပြင်တွေ တံလျှပ်ထတဲ့မြို့။ ဗန်းမော်ဆိုတာ မိုးရေတက်ရေ တစ်ဖွေးဖွေးနဲ့ တောင်ပြာတွေမှာ မိုးတွေစွေရင် ချောင်းတွေက ရေလျှံတဲ့မြို့။ ဗန်းမော်ဆိုတာ ချယ်ရီတွေဝေဖို့ နှင်းတွေ ငိုပေးတဲ့မြို့။ ဗန်းမော်ဆိုတာ တရုတ်နယ်စပ် ယူနန်နဲ့ 65 km ပဲ ဝေးလို့ တရုတ်လူမျိုးနဲ့ ဒေသခံ တိုင်းရင်းသားတွေ အနေများတဲ့မြို့။ ဗန်းမော်ဆိုတာ မြို့တော် မြစ်ကြီးနားနဲ့ 186 km အဝေးမှာရှိတဲ့ မနောမြေရဲ့ ဒုတိယမြို့။ ဗန်းမော်ဆိုတာ ခေတ်ရဲ့ ရေစီးကြောင်းမှာ ရုပ်ဝတ္ထုတိုးတက်ခြင်းကို ရင်ဝယ်ပိုက်ပြီး သမိုင်းကို အတိုက်အစားခံခဲ့ရတဲ့မြို့။

-x-x-x-x-x-x-x-x-x-x-

ဗန်းမော်ဆိုတာ ရှမ်းနီ ဘာသာစကားအရ “မန်မော်” လို့ ခေါ်တဲ့မြို့။ ဗန်းမော်ဆိုတာ “အိုးလုပ်တဲ့ ရွာကလေး” လို့ အဓိပ္ပါယ်ရတဲ့မြို့။

ဗန်းမော်ဆိုတာ သမိုင်းတစ်နေရာမှာ “စမ္ပါနဂိုရ်” လို့ အမည်တွင်ခဲ့တဲ့မြို့…။ ဗန်းမော်ဆိုတာ ဗုဒ္ဓရာဇ၀င်တွေထဲက အင်္ဂတိုင်းပြည် ဘုရင်ကြီး စစ်ရှုံးလို့ ထွက်ပြေးရင်း တည်ခဲ့တဲ့မြို့…။ ဗန်းမော်ဆိုတာ စမ္ပေယျမင်းက ဧရာဝတီ- တာပိန် မြစ်တစ်ဝှမ်းမှာ သမိုင်းစခဲ့တဲ့မြို့။ ဗန်းမော်ဆိုတာ ဗြဟ္မရကုမ္မာမင်းရဲ့သမီး မုဉ္စန္ဒာနဲ့ မုဆိုးမသား အိုက်ခေါတော်တို့ သမိုင်းဆက်ခဲ့တဲ့မြို့။ အဲ့ဒီ ဗန်းမော်ရဲ့ စမ္ပါမှာ ဂုတ္တရာဇာ ဟာ နောင်တော် ဆီက နန်းလုခဲ့တယ်…။ အဲ့ဒီ ဗန်းမော်ရဲ့ စမ္ပါအတွက် ပုပ္ဖ၀တီဟာ နောက်ဆုံးမင်းဆက် ၀ိလာသကို မွေးဖွားပေးခဲ့တယ်။ အဲ့ဒီ ဗန်းမော်ရဲ့ စမ္ပါထဲ တိမ်မြုပ်နေတဲ့ သမိုင်းတစ်စဟာ ခပ်မဆိတ် ရှိနေခဲ့တယ်…။

-x-x-x-x-x-x-x-x-x-x-

ဗန်းမော်မှာ အသောကမင်းကြီးရဲ့ ပုထိုးတော်တွေနဲ့ ခေတ်ပြိုင် စေတီ လေးဆူလည်း ရှိတယ်။ ဗန်းမော်မှာ သမိုင်းကို ခြေရာချန်ခဲ့တဲ့ ၀ိလာသရဲ့ ကျေးရွာတွေလည်း ရှိတယ်…။ ဗန်းမော်မှာ မင်းမိန့်နဲ့ ကျက်စားခဲ့တဲ့ နဂါးတွေရဲ့ ခြေရာတွေလည်းရှိတယ်…။ ဗန်းမော်မှာ တောင်ယာလုပ် တောခုတ်တဲ့ ရွာသူရွာသားတွေလည်း ရှိတယ်…။ ဗန်းမော်မြေမှာ ခိုအောင်းနေတဲ့ ကျောက်စိမ်းတွင်းတွေလည်း ရှိတယ်….။ ဗန်းမော်ရေမှာ တစ်သွင်သွင်စီးဆင်းနေတဲ့ ၀င်းဝင်းလက်လက်ရွှေတွေရှိတယ်…။ ဗန်းမော်မှာ နယ်ခံနယ်သားတွေနဲ့ ရေမြေပြောင်း အခြေချလာတဲ့ သူစိမ်းတွေ ညီညီမျှမျှ ရှိတယ်…။

ဗန်းမော်မှာ မုန့်ညင်း၊ ခေါက်ဆွဲ နဲ့ ခေါပုတ်တွေ သိပ်ပေါတယ်…။ ဗန်းမော်မှာ တောင်တွေကိုကျော်ဖြတ်ပြီး အလည်ရောက်လာတဲ့ တရုတ်ပစ္စည်းတွေ သိပ်ပေါတယ်..။ ဗန်းမော်မှာ ပေါက်ပြားလေးတစ်ချက်နဲ့ လောပန်းဘ၀ပြောင်းချင်တဲ့ ကျောက်တူးသမားတွေ သိပ်ပေါတယ်…။ ဗန်းမော်မှာ တစ်ချို့အသက်မွေးပညာရပ်တွေ အခြေချလို့မရလို့ ပြောင်းရွေ့သွားတဲ့ နယ်သူနယ်သားတွေ သိပ်ပေါတယ်…။

-x-x-x-x-x-x-x-x-x-x-

ဗန်းမော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ခန့်က “John Moe Eain လို့ အမည်ပေးထားမယ့် မိန်းကလေးတစ်ဦးကို မွေးဖွားပေးခဲ့တယ်…..။

-x-x-x-x-x-x-x-x-x-x-

စကားချပ်။

ဗန်းမော် အကြောင်းလေး ရေးဖြစ်ဖို့ အကြောင်းဖန်လာတာက Facebook မှာ Banmaw Group လေးနဲ့ တွေ့ဖြစ်တဲ့နောက်မှာပါ…။ ကျွန်တော် ဒီလို အကြောင်းအရာမျိုးက ရေးခဲပါတယ်…။ ဒါပေမယ့် တောင်းဆိုတဲ့ ကို MTZO ကြီးကို အမြန်ဆုံး ဖတ်စေချင်တာက တစ်ကြောင်း…၊ ကိုယ်ကိုယ်နှိုက်က စိတ်ပါလာတာက တစ်ကြောင်းကြောင့် ရေးဖြစ်သွားပါတယ်…။ “မြို့ကလေးသို့” လို ရသဖက်နွယ်တဲ့ စိတ်ခံစားမှုမျိုးနဲ့ ရေးဖို့ထက် ဗန်းမော်ဆိုတဲ့ မြို့ကလေးအကြောင်းကို မြို့ခံလူတွေသာမက ရေမြေမတူတဲ့ မောင်နှမတွေကို ဗဟုသုတအဖြစ်နဲ့ သိရှိစေလို့တဲ့ ရည်ရွယ်ချက်နဲ့ရေးလိုက်ပါတယ်…။ ဒီအတွက် သေချာချင်တဲ့ အချက်အလက်လေးတွေကတော့ နယ်မှာ ကျောင်းပိတ်လို့ အိမ်ခဏ ပြန်လာတဲ့ ညီမလေးဆီကိုပဲ ဖုန်းဆက်ပြီး လိုက်မေးရတော့တာပါပဲ….။ နည်းနည်းတော့ အိပ်ရေးပျက်သွားတဲ့ ညပေါ့ (:

ထင်းထမ်းလုလင် လည်ကုတ်တို အိုက်ခေါတော်နဲ့ မုဉ္စန္ဒာမင်းသမီးအကြောင်းရယ်…။ စိတ္တရာဇာ၊ ဂုတ္တရာဇာနဲ့ ၀ိလာသမင်းသားတို့ရဲ့ အကြောင်းတွေရယ်… နောက် ဘုရားသမိုင်းကတော့ အဆင်ပြေမှ တင်ပေးတော့မယ်….။ အင်း ပို အဆင်ပြေရင် ပြောပြချင်တဲ့ သမိုင်းလေးတွေ ရှိသား.. ခုတော့.. ဗန်းမော်ဆိုတာလေးကိုပဲ မိတ်ဆက်လိုက်ပါတယ်….။ ငယ်ငယ်တုန်းက ရေးလေ့ရှိတဲ့ စာစီစာကုံးလို ဖြစ်သွားတာတော့ စိတ်မကောင်းဖူး :P


ဆက်စပ်လျက်
မြို့ကလေးသို့ -၁
မြို့ကလေးသို့ -၂

4 comments:

♣♣♣အိမ်မက်ချို♣♣♣ said...

ညီမလေးရေ..
ဒီပိုစ်ံလေးအတွက် အရမ်းကျေးဇူးတင်တယ်နော်...
ဗန်းမော်ဆိုတာ ဘယ်လိုလို့ ရှင်းပြဖို့ကို စကားလုံးရှာမရတာ ခုမှပဲ ညီမရဲ့ ပိုစ်ံလေးကို ပြရတော့မှာပဲ...ကျေးဇူးအထုးတင်ပါတယ်ကွယ်...

ဂျွန်မိုးအိမ် said...

ပေးချင်တဲ့ sense... See More က လည်း ဗန်းမော်ဆိုတာ တစ်ချိန်က အိုးလုပ်ခဲ့တဲ့ မြို့ကလေး... နောက် ဗန်းမော်မြေနဲ့ တာပိန် ရယ် ဧရာဝတီရယ်က ခွဲခြားလို့ မရတဲ့အရာ.. နောက် ၀န်းရံနေတဲ့ စိန်လုံတောင်တန်းတွေရယ်... ဗန်းမော်ရဲ့ သမိုင်းဦးက စမ္ပါနဂိုရ်ရဲ့ ရွှေကျေးနားစေတီတော်ကြီးရယ်.. ခုချိန်ထိ တစ်မြို့လုံး ကျင်းတွေ ချိုင့်တွေနဲ့ ဖြစ်ကျန်စေခဲ့တဲ့ နဂါးတွေရဲ့ ခြေရာဆိုတဲ့ ဒဏ္ဍာရီတစ်ပုဒ်နဲ့ ကျောက်စိမ်းထွက်တဲ့မြေနဲ့ ရွှေထွက်တဲ့ ရေရယ်ပါ.....
ဟူး.. ထွက်လာတာတော့ ဒီ ပုံ ဖြစ်သွားတယ်ကွယ် :D

မိုးခါး said...

ထင်းထမ်းလုလင် လည်ကုတ်တို အိုက်ခေါတော်နဲ့ မုဉ္စန္ဒာမင်းသမီးအကြောင်းရယ်…။ စိတ္တရာဇာ၊ ဂုတ္တရာဇာနဲ့ ၀ိလာသမင်းသားတို့ရဲ့ အကြောင်းတွေရယ်… နောက် ဘုရားသမိုင်းတွေ သိချင်ပါတယ် ..း))
ပြောပြပေးဦးနော် ..း)

မြင့်မြတ်ရာ said...

ထွက်ခွာခဲ့တာ နှစ်ပေါင်း(၂၀)တိတိ ရှိခဲ့ပြီ ခုထိလည်း လွမ်းနေဆဲ