03 May 2010

မုသားဖြူသို့ တမ်းချင်း

stars are falling
cloud is floating
passing through
the hours
the days
the seasons
and
the result
from
the life in labs
will change.

မုသားဆိုမှတော့ ဘယ်အချိန် သန့်ရှင်းစင်ကြယ်မှာတဲ့လဲ…..။

-x-x-x-x-x-x-x-x-x-x-x-x-x-x-x-

နေ့ရက်တွေကို ဆက်ရင်း ဘ၀မှာ ကြွင်းကျန်လာခဲ့တာက လောဘ, ဒေါသ, မောဟတွေပဲ ဖြစ်မှာပါ…။ တစ်နေ့တစ်နေ့ မျှော်လင့်ချက်တစ်ခုဆိုတာကို ရွက်ကြိုးတပ်, တပ်ပြီး ကိုယ့်ကိုယ်ကို မောင်းနှင် လာခဲ့လိုက်တာ…။ မိုင်တိုင်တစ်ချို့အလွန်မှာ ပိုင်ဆိုင်သင့်တာတစ်ချို့လည်း ပိုင်ဆိုင်ခဲ့ပါရဲ့…။ မတောင်းဆိုပဲ ရရှိခဲ့တဲ့ စိတ်အမှောင်တစ်ချို့လည်း ပိုင်ဆိုင်မှုတွေထဲ ရောကောသောကော အပါအ၀င်ပဲပေါ့…။ သိ သိ ရက်နဲ့ ကျူးလွန်ခဲ့တဲ့ မုသားတွေ၊ မဖြစ်မနေ ဖြတ်ကျော်ခဲ့ရတဲ့ မုသားတွေ၊ မသိလိုက် မသိဘာသာနဲ့ ထိစပ်လိုက်ရတဲ့ မုသားတွေ…။ မုသားဟာ နေ့စဉ်သုံးနှုန်းတဲ့စကားထဲမှာ နေရာယူနိုင်လွန်းတယ်…။ ဘ၀မှာ မုသားကို မသုံးနှုန်းဖူးတဲ့သူဟာ လူမပီသတဲ့သူလည်း ဖြစ်ကောင်းဖြစ်မယ်…။ မုသားကို ပညာရပ်တစ်ခုလို သုံးနှုန်းတဲ့သူဟာ လူအချင်းချင်းကို စားသုံးချင်တဲ့ သားရဲတွေလည်း ဖြစ်ကောင်းဖြစ်မယ်…။ မုသား ဆိုတဲ့ စကားကို ဘယ်လိုပဲ သရုပ်ခွဲခွဲ… ဘယ် မုသားမှ ဖြူစင်မယ် မရှိပါဖူး….။

-x-x-x-x-x-x-x-x-x-x-x-x-x-x-x-

ဒါပေမယ့် အမေတိုင်းရဲ့ မုသားတစ်ချို့ကတော့ အသေအချာ ဖြူစင်ခဲ့ဖူးလိမ့်မယ်……။

-x-x-x-x-x-x-x-x-x-x-x-x-x-x-x-


မုသားဖြူသို့ တမ်းချင်း

ငယ်ငယ်တုန်းက မေမေက ပြောခဲ့တယ်
ထမင်းဆီဆမ်း ရွှေလင်ပန်းကို
ဖိုးလမင်းကြီးက ဆက်သခဲ့တယ်တဲ့
နတ်သက်ကြွေ မင်းသမီးလေးအဖြစ်
(ကိုယ့်ကိုကိုယ်)
ဘ၀င်များတောင် မြင့်ခဲ့သေး
နုနယ်တဲ့အတွေးတွေအားလုံး
ဓါတ်ခွဲခန်းမှာ အဖြေရှာကြည့်
ရိုးသားခြင်းတွေပဲ ကြွင်းကျန်တယ်………..။

ကြည်စားတတ်တဲ့ လောကရေယာဉ်ကြောမှာ
ဖြူစင်ခြင်း ကို ရွက်ကြိုးတပ်တဲ့လှေငယ်ရယ်
ဆိပ်ကမ်းတွေ တစ်ခုပြီး တစ်ခု ဆိုက်ပြီးလာချိန်မှာတော့
ဟန်ဆောင်ခြင်းတွေ ဖုံးလွမ်းခံရရင်း
ကြိုးတိုင်မှာ ရွက်အား လျော့လာလေသလား…………..။

ဒီလိုနဲ့
ကြယ်တွေကြွေ တိမ်တွေလွင့်
နာရီများစွာ ရာသီများစွာ ဖြတ်သန်း
ဘ၀ရဲ့ ဓါတ်ခွဲခန်းအဖြေတွေလဲ
ပြောင်းလဲလာခဲ့မှာ သေချာတယ်…………။

အရာရာကို ချိန်သားကိုက် လက်ခံလာရတဲ့အခါ
White Liar ကို နားလည် တတ်လာခဲ့တာပါ
ဘ၀မီးအိမ်ကို ထွန်းလင်းဖို့
မသင်ကြားဘဲ တတ်မြောက်လာခဲ့တဲ့ ပညာ
လက်ခံလိုက်ရုံသာပေါ့
ဒါပေမယ့်
အတွေးတွေထဲ ကောင်းကင်က အုံ့မှိုင်းရီဝေနေတုန်းပဲ……….။

မတူညီတော့ အဖြေတွေအတွက်
မနှမြောမိပေမယ့်
တဖြည်းဖြည်း
စိတ်ဓါတ်တွေ ရင့်သန်လာမှ
တစ်ခါက မေမေပြောခဲ့တဲ့
မုသားဖြူဖြူကို လွမ်းတတ်လာခဲ့တယ်………….။

စကားချပ်….။ ။
ဒီကဗျာလေးကို မိဘဆိုတဲ့ ရင်ခွင်ထဲကနေ ကိုယ်ပိုင်ဆိပ်ကမ်းတစ်ခုကို ခွဲခွာဖို့ စတင်ခဲ့တဲ့ အချိန်ကာလတစ်ချို့က ရေးဖြစ်ခဲ့ပါတယ်….။
MEF ရဲ့ ပထမဦးဆုံး နှစ်ပတ်လည်စာစောင်လေးမှာ ပါခဲ့တဲ့ ကျွန်တော့်ရဲ့ အမှတ်တရပေါ့…


5 comments:

သူရဲကောင်းကြယ် said...

ကဗျာလေးက ထိမိတယ် ညီမလေး။ ကဗျာတွေ အားပေးလာခဲ့တာ ငါ့ညီမလေး ကျောင်းတက်တုန်းကတည်းက ဆိုပါတော့။ ခုတော့
ဝါးတားတားပဲ မြင်ရလို့ အားစိုက်ဖတ်နေရတာ တစ်ခုပဲ။ :P :P

ဂျွန်မိုးအိမ် said...

ဝါးတားတား မဖြစ်အောင် ပြန်ပြင်လိုက်ပါပီနော်.... :)
ကျွန်တော့်ကဗျာလေးတွေကို ဆယ်စုနှစ် တစ်ခု နီးပါးလောက်ကတည်းက အားပေးလာခဲ့တာ... ခုထိပဲနော်... ကျေးဇူး...။
ဒီလို ဆုံခွင့်ရခဲ့တဲ့ ရေစက်ကောင်းကိုလည်း ကျေးဇူး :P

မိုးခါး said...

မတူညီတော့ အဖြေတွေအတွက်
မနှမြောမိပေမယ့်
တဖြည်းဖြည်း
စိတ်ဓါတ်တွေ ရင့်သန်လာမှ
တစ်ခါက မေမေပြောခဲ့တဲ့
မုသားဖြူဖြူကို လွမ်းတတ်လာခဲ့တယ်………….။

ငိုချင်သလိုကြီးပါလား ....း(

ညိမ်းညို said...

မင်္ဂလာပါး)
စာတွေလာဖတ်တယ်ဗျ

ညိမ်းညို said...

မင်္ဂလာပါး)
စာတွေလာဖတ်တယ်ဗျ