14 June 2010

အိမ်အပြန်

အိမ်အပြန်

ဆောင်းခိုငှက်တို့၊ တေးယှက်ရင့်ကျူး၊
မိုးဦးအမီ၊ မိုင်ထောင်ချီစေ၊
သည်လေတသုတ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။

မိုးယံဖျားက၊ ဝေရ မ္ဘလေ၊
လာစေလာစမ်း၊ ကြမ်းကြမ်းခိုက်ခိုက်၊
မိုက်မိုက်မဲမဲ၊ အံကိုခဲကာ၊
စိတ်ဇွဲမာန်တင်း၊ တောင်ဟုန်ခွင်းလို့၊
ကျုပ်တို့အိမ်ကို ပြန်ကြမည်။

အာလမ္ဗရ၊ ထစ်သံပြကြိုး၊
မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း၊
ဘဝင်မတွန့်၊ မရွံ့မပြေး၊
ရွေးမျှမဖြုံ၊ မာန်ဟုန်မဖြုတ်၊
ကျုပ်တို့အိမ်ကို ပြန်ကြမည်။

ရိုးမကိုကျော်၊ ပင်လယ်ပေါ်ဖြတ်၊
တောင်ပံခတ်ရင်း၊ အားမာန်တင်းထား၊
မိုးဖျားမိုးယံ၊ လေကိုဆန်လို့၊
ညဥ့်ယံစုပ်စုပ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။

အိမ်ပြန်ချင်သော ညီမငယ် မိုးအိမ်သို့ ..
(ဟယ်ရီလွင်)

(စကားချပ်။
အစ်ကို ဟယ်ရီ ရဲ့ မွေးနေ့လက်ဆောင် ကဗျာမွန်!
တစ်နေ့နေ့. ... ကျွန်တော်တို့ အိပ်မက်တွေကို ပြန်လည်ရွာသွန်းမယ့်နေရာလေးဟာ
ကျွန်တော်တို့ရဲ့အိမ် ဖြစ်ပါစေလို့ အမြဲ မျှော်လင့်နေမိတယ် အစ်ကိုရေ....)

ဆက်စပ်လျက်
ဆိပ်ကမ်း ၂၅

ပြန်တွေးမိတဲ့ အရာလေးကိုလည်း အမှတ်တရ တင်ဖြစ်ပါတယ် :)

"အိမ်"

အိမ်
ရယ်သံတစ်ချို့က စူးစူးရှရှ
ငိုသံတစ်ချို့က နွေးထွေးမျှတ
ခံစားချက်တို့ ငြိမ်းချမ်းချိုမြ
နှိုင်းယှဉ်မဲ့တဲ့ နားခိုရာနေရာ
ဟန်ဆောင်မှုများ ကင်းကွာရာ
သန့်စင်သောချစ်ခြင်းတရားများ မွေးဖွားရာ။

အိမ်
ကျွန်တော်တို့ရဲ့ ခံစားချက်တို့ စစ်မှန်စွာ ခိုလှုံတယ်
ကျွန်တော်တို့ရဲ့ ခံစားချက်တို့ ညီတူညီမျှ မျှဝေတယ်
ကျွန်တော်တို့ရဲ့ ခံစားချက်တို့ နွေးထွေးလုံခြုံတယ်
မိုးတွေသည်းလည်း ဒီမိုး,မသည်း တဖွဲဖွဲ
နေရောင်ပြင်းလည်း ဒီနေမင်း အလင်းတသဲ့သဲ့
ရာသီဥတုပေါ်မမှီ ချစ်ခြင်းတရားပေါ်မှီသည်
ဒဏ်ရာတိုင်းကို သွေးတိတ်စေသည်။

အိမ်
တစ်ချိန် ပြန်နားခိုမယ့် ငှက်ကလေးများကို
တိတ်ဆိတ်စွာ စောင့်နေတတ်သည်။

အိမ်
ကျွန်တော်တို့ ပြန်မယ့် အိမ်
ကျွန်တော်တို့ကို ကြိုနေတဲ့ အိမ်….။

(ဂျွန်မိုးအိမ်)

._._._._._._._._._.
ကဗျာလေးအတွက် ကျေးဇူး အထူးပါ အစ်ကိုရေ...။
"အိမ်အပြန်" ဆိုတဲ့အတိုင်း အိမ်ပြန်ချင်တဲ့ မောင်နှမတွေ တစ်နေ့ အိမ်ပြန်လို့ အိပ်မက်တွေ အိမ်တစ်နေရာမှာ ရွာသွန်းနိုင်ပါစေ....။

ခင်မင်လေးစားစွာဖြင့်
ဂျွန်မိုးအိမ်

4 comments:

မိုးခါး said...

ကဗျာအရေးကောင်းတယ်နော် ..း))
အားလုံးရဲ့ အိပ်မက်တွေကို ပြန်လည်ရွာသွန်းမယ့်နေရာလေးဟာ
ကျွန်တော်တို့ရဲ့အိမ် ဖြစ်ပါစေလို့ ဆုထပ်တောင်းသွားပါတယ် ..း)

ဂျွန်မိုးအိမ် said...

အဟီး...
ဒီ တစ်နှစ်မွေးနေ့က အရမ်းကို ပျော်စရာ ကောင်းသွားတယ် စစ်ရဲ့....။
ကဗျာ လက်ဆောင်တွေ အများကြီးကို ရတာပဲ...။
နောက် ဆုတောင်းတွေရောပေါ့...။
ပေးတဲ့ဆုတွေနဲ့ ပြည့်စေဖို့ အပြည့်အ၀ မျှော်လင့်မိနေတယ် :D

လင်းခေတ် said...

ရိုးမကိုကျော်၊ ပင်လယ်ပေါ်ဖြတ်၊
တောင်ပံခတ်ရင်း၊ အားမာန်တင်းထား၊
မိုးဖျားမိုးယံ၊ လေကိုဆန်လို့၊
ညဥ့်ယံစုပ်စုပ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။

သိပ်ကောင်းတဲ့ကဗျာလေး မာန်အပြည့်ရှိတယ် . . . .

ဗညားရှိန်

johnmoeeain said...

ဦးနှောက်ထဲက အိပ်မက်တွေ ဖုတ်ဖက်ခါ ပြုတ်ကျလည်း
အရိပ်ပြ နတ်သမီးက အမြဲ စိုးမိုးနေဆဲပေါ့....။ ဟုတ်တယ်ဟုတ် ???

ဒါနဲ့ စကားမစပ်
ပျောက်နေလိုက်တာရှင်... ;)
ပြန်ပေါ်လာတော့လည်း အရိပ်ကလေး ပြရုံပေါ့ :)
သူ့အိမ်မှ မန့်လို့မရလို့ ကိုယ့်ဟာကိုယ်ပဲ လှမ်းပြောရတော့တယ်... :P

ခင်မင်စွာ