02 October 2010

သက်ဝင် ခံစား ပရိဘောဂများ

“ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုခဲ့အိမ်.. ရံရွေလည် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်..

ကျူထရံတွေကာရံကာ ဓနိမိုးအိမ်… နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း.. အိမ်….”

“အိမ်”

“အိမ်” ကို ခံစားမိတိုင်း အိမ်ရဲ့ ပုံရိပ်တွေကိုဟာ အတွေးမြင်ကွင်းထဲ ၀င်ဝင်လာတယ်..။ အိမ်ဝန်းကျယ်ကျယ်၊ ခြံကျယ်ကျယ်နဲ့ အိမ်ရှေ့ ခြံတွင်း နဘေးမှာ အရိုင်းဆန်ဆန်ပွင့်နေတတ်တဲ့ စံပယ်ရုံ၊ ဇွန်ရုံတွေကို သတိရပါတယ်..။ ကျွန်တော်နဲ့ သက်တမ်းအတူတူနီးပါးရှိနေတဲ့ တစ်သက်တာလုံး ထိတွေ့ခံစားမိခဲ့တဲ့ အဆောင်အယောင်တစ်ချို့ကို လွမ်းပါတယ်..။ တန်ဖိုးထားခြင်းဆိုတာဟာ စိတ်ခံစားမှုနဲ့ပဲ ဆုံးဖြတ်ပုံရပါတယ်…။ ရိုးရှင်းတဲ့ ကျေးလက်အိမ်တစ်လုံးရဲ့ သွင်ပြင်ပုံစံနဲ့ လက်ရှိထိတွေ့နေရတဲ့ ဒိုင်းနမစ်ကမ္ဘာမှ နေထိုင်မှုပုံစံတွေဟာ စိတ်ကိုတော့ ထာဝရတစ်ပြင်ညီတည်း လွှမ်းမိုးသွားခြင်း မရှိလောက်ပါဖူး..။ တကယ်တော့ နောင်တစ်ချိန်မှာလည်း ဒီ ဒိုင်းနမစ်ကမ္ဘာကို ပြန်သတိရနေမှာ သေချာပါတယ်…။ အတွေးများနဲ့အတူ အသုံးအဆောင် ပစ္စည်းများအပေါ် စာလုံးပေါင်းမှားကြည့်မိပါတယ်…။

သက်ဝင်ခံစား ပရိဘောဂများ



ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ ထိတွေ့ခံစားရင်း စိတ်ထဲစွဲကျန်ရစ်ခဲ့သော ပရိဘောဂများဟာ အများအားဖြင့် ရိုးရှင်းသော ပုံစံ၊ အသုံးပြုရလွယ်ကူသော အနေအထားနဲ့ သက်တောင့်သက်သာရှိစေတဲ့ အရည်အသွေးများကို အဓိက ပိုင်ဆိုင်မှာပါ။ ဆန်းပြားစွာ ကွဲထွက်နေတဲ့ ဖန်တီးမှုများဟာ အထက်ပါ အချက်သုံးချက်မှာ မပါဝင်ခဲ့ရင်ဖြင့် ရေရှည်မှာ တွင်ကျန်ရစ်ဖို့ မသေချာလှပါဖူး..။ ပရိဘောဂများရဲ့ တန်ဖိုးဟာ အသုံးပြုထားတဲ့ material များရဲ့ တန်ဖိုး၊ ဖန်တီးထားတဲ့ သွင်ပြင်ပုံစံအပြင် သူတို့ကို နေသားတကျ အသုံးတော်ခံဖို့ ထားရှိမယ့် နေရာနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်..။ ခံစားသိနဲ့ သိနိုင်တဲ့ အတွေးလေးတွေဟာ ရိုးရှင်းပေမယ့် ဒီအတွေးလေးတွေဟာ Space Planing လုပ်တဲ့အချိန်မှာ အထောက်အကူ အများကြီးပေးပါတယ်…။

ဒီလို တွေးမိတဲ့အခါမှာ ငယ်ငယ်တုန်းက မှတ်သားဖူးတဲ့ စကားလေးတစ်ခွန်းဟာ လက်တွေ့ဘ၀မှာ အရိပ်ထင် အသုံးဝင်လာခဲ့ပါတယ်…။ ကျောင်းသားဘ၀မှာ အမြဲ ကြုံတွေ့နေခဲ့ရတဲ့ ပြသနာက ယနေ့သင်နေတဲ့ စာတွေကို ဘယ်နေရာမှာ သုံးမှာလဲ ဆိုတာပါပဲ…။ လက်တွေ့လုပ်ငန်းခွင်ထဲ စရောက်ခါစမှာ ပထမဦးဆုံး ကြုံရတာကတော့ အိမ်ကလေး တစ်လုံးကို ဘယ်လိုစပြီး ဒီဇိုင်းလုပ်မှာလဲဆိုတာပေါ့..။ Technical ပိုင်းမှာ အသုံးချဖို့ သီအိုရီတစ်ချို့ကို မြို့ပြအင်ဂျင်နီယာ ဘာသာရပ်နဲ့ပတ်သက်တဲ့ အသိအမှတ်ပြု စာရွက်လေးတစ်ခု ရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို အနည်းငယ် ယုံကြည်လာမိပါတယ်..။ သို့ပေမယ့် ဒီဇိုင်း ဖန်တီးမှုမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိလှပါဖူး..။ Catalogue တွေကို ဟိုကြည့် ဒီကြည့် ပုံတူကူးကြည့်ပေါ့လေ…။ Style တွေကိုလည်း သိပ်နားမလည်ခဲ့ပါဖူး..။ ခံစားသိလေးတစ်ခုနဲ့ပဲ စဉ်းစားနေမိခဲ့တာပါ။ အဲ့ဒီတုန်းက ဖေဖေ အမြဲပြောတတ်တာက အတွင်းအပြင် ဟာမိုနီ ဖြစ်ဖို့နဲ့ အတွင်း ဒီဇိုင်းကနေ အပြင် ဒီဇိုင်း၊ အပြင် ဒီဇိုင်းကနေ အတွင်းဒီဇိုင်းကို အပြန်အလှန် စဉ်းစားဖို့ပါပဲ..။ အသုံးပြုမယ့်ပစ္စည်းတွေကို စနစ်တကျ နေရာချတတ်ဖို့ဟာ Space Planing မှာ အတော်လေး အရေးကြီးပါတယ်..။ ဟန်သာရှိ အဆံမရှိမဖြစ်စေဖို့ ဆုံးမခဲ့တဲ့စကားလေးကို အမှတ်ရမိတော့လည်း အတွေးနဲ့ပြုံးမိပါရဲ့လေ..။

သြော်.. အိမ်ကလေးတစ်လုံးအပေါ် စာလုံးပေါင်းမှားမိတဲ့ အခါ အတွေးတစ်ချို့က သာယာပါတယ်..။ ခက်ခက်ခဲခဲ သီအိုရီတစ်ချို့ကို မစဉ်းစားခင် ဘ၀ရဲ့ နေထိုင်မှုအပေါ် ထိတွေ့ခံစားမိစေမယ့် ပရိဘောဂလေးတွေအကြောင်း လေ့လာမိပါတယ်..။


“အိမ်” လေးတွေအပေါ် ကျွန်တော်တို့ရဲ့ ခံစားမှုနဲ့ “အိမ်” ကလေးတွေရဲ့ အတွင်းထဲမှာ ကျွန်တော်တို့ရဲ့ နေသားကျမှုဟာ ကျွန်တော်တို့နဲ့ ထိတွေ့နေရတဲ့ ပရိဘောဂများရဲ့ လွှမ်းမိုးမှုမှာ အထူးမူတည်နေမည် ထင်ပါတယ်..။ စနစ်တကျ သက်ဝင်ခံစားပြီး ဖန်တီးထားတဲ့ ဟင်းလင်းခွင် ဒီဇိုင်းလေးတွေမှာမှ မဟုတ်ပါဖူး။ သာမန် နေ့စဉ်ဘ၀မှာ ကျွန်တော်တို့ရဲ့ မသိစိတ်က ဒီဇိုင်းအမြင်များနဲ့ ရွေးချယ်ဖန်တီးမှုတွေ ရှိနေတတ်ပါတယ်..။ Interior Designer တွေလို၊ Engineer များလို၊ Architect များလို ဒီဇိုင်းအမြင်၊ Technical အတွေးများနဲ့မှ မဟုတ်ပါဖူး။ ကျွန်တော်တို့ဟာ သာမန်အတွေးလေးနဲ့ ထိတွေ့ရမယ့် ပရိဘောဂများကို ရွေးခွင့်သာရမယ်ဆိုလျှင်ဖြင့် အသုံးပြုမယ့် ပရိဘောဂများကို အသုံးပြုစဉ်မှာ ကျွန်တော်တို့ကို စိတ်ကျေနပ် နှစ်သိမ့်မှုနဲ့ သက်တောင့်သက်သာဖြစ်မှုအပေါ်မှာ အထူးဦးစားပေး ရွေးချယ်ကြမှာ အသေအချာပါပဲ..။ ဒီအချက်ကလေးကိုပဲ I.D သမားတွေကလည်း အထူးဂရုစိုက်ကြမှာပါ..။ Happy & Relax ဖြစ်စေဖို့ပေါ့..။

တစ်ခါတစ်ခါကျပြန်တော့လည်း လူဆိုတာက ခက်သားလား…။ ဆန်းသစ်တာကိုမှ ခုံမင်တတ်ကြတယ်..။ ဆန်းသစ်ခြင်းတွေက လူကို လန်းဆန်းတက်ကြွစေပါတယ်…။ ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ မြင်တွေ့နေကြ မဟုတ်တဲ့အရာတစ်ခုကို အသုံးပြုတဲ့တစ်ခဏ တစ်ချို့ကလည်း use to ဖြစ်သွားတာပေါ့။ တစ်ချို့ကလည်း တစ်ဒင်္ဂပါပဲ..။ ပျောက်ကွယ်သွားလိုက်တာ..။ တစ်ချိန်က ဆန်းသစ်ခြင်းဆိုတာ သူနဲ့ မသက်ဆိုင်ကြသလိုပါပဲ..။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဘောဂဗေဒမှာ သင်ခဲ့ဖူးပါတယ်..။ လူတွေရဲ့ အကြိုက်ဟာ အချိန်ကာလနဲ့သက်ဆိုင်ပါတယ်တဲ့….။ ငယ်ငယ်တုန်းက သင်ခဲ့ရတာပေါ့..။ အချိန်ကာလတစ်ခု ဖြတ်သန်းလာတော့ ကျွန်တော်တို့ရဲ့ အကြိုက်၊ ကျွန်တော်တို့ရဲ့ နှစ်သက်မှုဟာ Aesthetic ဖြစ်မှုနဲ့ Practical ဖြစ်မှုနဲ့လည်း သက်ဆိုင်ကြောင်း နားလည်လာမိခဲ့တယ်..။ Aesthetic & Practical နဲ့ လူမှုဝန်းကျင်တစ်ခိုဟာ အပြောင်းအလဲတွေနဲ့တော့ ဆန်းသစ်နေမှာသေချာပါတယ်..။

x.x.x.x.x.x.x.x.x.x.x

ဆက်စပ်ပြီးတော့ Ergonomic ဆိုတဲ့ term လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။ Ergonomic ဆိုတာ ဘာပါလဲ..။ Ergonomic ဆိုတာ တစ်နည်းအားဖြင့် Human Factors များဟာ Furniture ဒီဇိုင်းဖန်တီးမှုမှာ aesthetic ဖြစ်ဖို့ထက် လက်တွေ့ကျကျ အသုံြးံပုတဲ့အခါ အသုံးပြုသူရဲ့ အရွယ်အစားနဲ့ အသုံးပြုမယ့် ပစ္စည်းရဲ့ အချိုးအဆကို သဟဇာတ ဖြစ်စေဖို့အတွက် သိပ္ပံနည်းကျ ဖော်ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတစ်မျိုးပါ…။ Furniture တွေမှာ Ergonomic ဖြစ်အောင် အဓိက စဉ်းစားပေးတဲ့ ရည်ရွယ်ချက်ကတော့ အသုံးပြုမယ့် ပစ္စည်းတွေဟာ ရေရှည်မှာ အသုံးပြုရ လွယ်ကူစေဖို့၊ အသုံးပြုစဉ် ကာလအတွင်းမှာ ကျန်းမာရေးနှင့် ပတ်သက်ပြီး ထိခိုက်စေခြင်းမျိုးမဖြစ်စေဖို့ပါပဲ…။ လှတ ပတ လေးတော့ ဖြစ်ပါရဲ့..။ ရေရှည်သုံးတဲ့အခါမှာ ကိုယ်နဲ့ အံဝင်ဂွင်ကျ fitting မဖြစ်ရင်တော့ တန်ဖိုးကျလာမှာ အသေအချာပဲလေ..။ ဒီ Human Factor တွေနဲ့ ဆက်စပ်ပြီးတော့မှ Accessibility ဖြစ်ဖို့ စဉ်းစားချက်တွေကလည်း တစ်မျိုးတစ်ဘာသာပါပဲ..။။ ထားပါလေ.. ။း)

အောက်မှာတော့ Ergonomic ရဲ့ သဘောသဘာဝကို ဗဟုသုတ အဖြစ် တင်လိုက်ပါတယ်…။ wiki မှ ဘာသာပြန်ပေးသူကတော့ မစန်စန်းဖုန်း ဖြစ်ပါတယ်.။ ကျွန်တော်ကတော့ ဒီပို့စ်လေးနဲ့ ဆက်စပ်နိုင်တဲ့ အပိုင်းလေးကိုပဲ စုစည်း တင်ပြပေးလိုက်ပါတယ်…။ Ergonomic အကြောင်း မျှဝေပေးတဲ့ MTZO နဲ့ MMO တို့ကိုတော့ ကျေးဇူးအထူးပါ.း)

Ergonomic နဲ့ ပတ်သက်လို့ကတော့ လူနှင့်အလုပ်ပတ်ဝန်းကျင် တို့၏ ဆက်ဆံရေးဗေဒ (Ergonomic) ပို့စ် တွင် ဖတ်ရှုနိုင်စေလိုပါသည်။

x.x.x.x.x.x.x.x.x.x.x

လူနှင့်အလုပ်ပတ်ဝန်းကျင် တို့၏ ဆက်ဆံရေးဗေဒ( Ergonomic)



လူနှင့်အလုပ်ပတ်ဝန်းကျင် တို့၏ ဆက်ဆံရေးဗေဒ တစ်နည်းအားဖြင့် Ergonomic ဆိုသည်မှာ အလုပ်၊ လုပ်ငန်း၊ ကိရိယာတန်ဆာများနှင့် အလုပ်လုပ်သည့်နေရာကို အလုပ်လုပ်သူ/အလုပ်သမား နှင့် အံဝင်ခွင်ကျ သင့်လျော်စွာ လုပ်ကိုင်နိုင်စေရန် သိပ္ပံနည်းကျ ပုံစံထုတ်ထားခြင်းဖြစ်သည်။ လွယ်ကူရှင်းလင်းစွာ ဆိုရလျှင်ဖြင့် လူသားများနှင့် သူတို့အသုံးပြုမည့် ကိရိယာ တန်ဆာများတို့အတွက် သင့်တော်သော အချိုးအဆများ ရှာဖွေထားခြင်း ဖြစ်ပါသည်။ ဥပမာ ဆိုရလျှင် ကျွန်တော်တို့အသုံးပြုသော ပရိဘောဂများ၏ အချိုးအဆသည် သင့်လျော်သော လူနှင့်အလုပ် ပတ်ဝန်းကျင် နေရာချမှုပုံစံဖြင့် တည်ရှိနေရမည် ဖြစ်ပါသည်။ သို့မဟုတ်လျှင် အချိုးအဆမမှန် ပုံစံမမှန်လျှင် အသုံးပြုရသည်မှာ သက်တောင့်သက်သာ မဖြစ်ပါပဲ ၄င်းတို့ကို အသုံးပြုခြင်းကြောင့် ရေရှည်တွင် ကျန်းမာရေးထိခိုက်မှုများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့အတွက် ဖြစ်ပေါ်သည့် ထပ်ခါတလဲလဲ နာကျင်မောပန်းခြင်း၊ အချိန်ပို အလုပ်လုပ်ခြင်း နှင့် အချိန်ကြာမြင့်စွာ မလှုပ်ရှားနိုင်ခြင်း များကို ကာကွယ်ရန်အတွက် ကျွန်တော်တို့ အသုံးပြုမည့် ကိရိယာ တန်ဆာများသည် Erogonomic ဖြစ်ရန် အထူးလိုအပ်ပါသည်။

_._._._._._._._._

Ergonomic ဆိုသော term အား International Ergonomics Association (IEA) မှ လူ၏ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရေးနှင့် ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များမှ အကျိုးရလဒ်ကောင်း ထွက်ပေါ်စေရန်အတွက် လူနှင့် သက်ရှိသက်မဲ့ ပတ်ဝန်းကျင်တို့သည် တစ်ခုနှင့် တစ်ခု၊ တစ်ဦးနှင့် တစ်ဦးအကြား အပြန်အလှန် နားလည်အကျိုးပြုမှုနည်းစနစ် ဖြစ်သည်ဟု သတ်မှတ်ထားသည့် အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။

လူနှင့် အလုပ်ပတ်ဝန်းကျင် ဆက်ဆံရေးသည် လိုရာ ပန်းတိုင်၊ ရည်ရွယ်ရာ ဦးတည်ချက် သို့ရောက်ရန် အတွက် အဓိက အချက်နှစ်ခုဖြစ်သည့် ကျန်းမာရေး နှင့် ကုန်ထုတ်စွမ်းရည် ကို ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းဖြစ်သည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ စက်နှင့် ပရိဘောဂများအကြား အန္တာရယ်ကင်းပြီး လွယ်ကူစွာ အသုံးပြုနိုင်ရန် စနစ်နှစ်ခုအကြား ဆက်စပ်ပေးခြင်း ဖြစ်သည်။

Ergonomic ဖြစ်သော ပရိဘောဂများကို အသုံးပြု၍ ကျန်းမာရေး အထောက်အကူဖြစ်အောင် လုပ်ဆောင်နိုင်ကြောင်းနှင့် နေ့တစ်ဒူဝ လှုပ်ရှားမှုများနှင့် ထိတွေ့ခံစားနေရသော ပရိဘောဂများအကြား ဆက်စပ်မှုများကို Seating ergonomics ဆိုသော ခေါင်းစဉ်ငယ်ဖြင့် ဥပမာအဖြစ် တင်ပြလိုပါသည်။

_._._._._._._._._

Seating ergonomics

ကိုယ်ခန္ဓာ မတ်မတ်အနေအထားနှင့်ထိုင်ခြင်းသည် နောက်ကျောတက်ခြင်းကို လျော့နည်းစေသော အကောင်းဆုံး အနေအထား ဖြစ်သည်။ သို့သော် ထိုင်သည့်အခါတွင် အချိန်အဆရှိရန်လိုအပ်သည်။ သင်ထိုင်နေသည့်အချိန်တွင် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အလေးချိန်သည် ထိုင်ခုံပေါ်သို့ ပြောင်းရွေ့ထားရမည်။ ကျန်ရှိသော ကိုယ်ခန္ဓာ အလေးချိန် ကို ကြမ်းပေါ်သို့ပို့ ထားပြီး ကျောကုံးနှင့် လက်များက သက်တောင့်သက်သာ အနေအထားတွင်ရှိရမည်။ မိမိ ကိုယ်ခန္ဓာ အလေးချိန်ကို သင့်လျော်ရာနေရာတွင် ထားတတ်ခြင်းသည် အကောင်းဆုံးသော ထိုင်နည်းပုံစံ၏ သော့ချက်ဖြစ်သည်။ ထိုကဲ့သို့ သက်ဆိုင်ရာ ကိုယ်ခန္ဓာ အစိတ်အပိုင်းများက ထောက်ပံ့ထားပေးခြင်းမရှိခဲ့လျင် တစ်နေကုန်ထိုင်၍ အလုပ်လုပ်ခြင်းက မလိုလားအပ်သော နောက်ကျောတက်ခြင်း၊ ကျောရိုးတစ်လျှောက်နာကျင်ခြင်းနှင့် ခါးနာခြင်းများကို ဖြစ်ပေါ်စေသည်။

ကျောရိုးအောက်ပိုင်း (ခါး) က ကျောရိုးဆစ်များကြားရှိ အရိုးနုလွှာအပေါ်ကျရောက်သော ဖိအားကို လျော့နည်းစေဖို့ ထောက်ပံ့ပေးရန်လိုအပ်သည်။ နောက်မှီ ကုလားထိုင်က လျှောစောင်းနောက်မှီအနေအထားနှင့် ကျောရိုးအောက်ပိုင်းကို သက်တောင့်သက်သာ ထောက်ပံ့ပေးပြီး အန္တာရာယ်ဖြစ်စေသော ကျောရိုးဖိအားများခြင်းကို ကာကွယ်ရန် စီစဉ်ပေးသည်။ ထိုနှစ်ခုပေါင်းစပ်ခြင်းက ကျောရိုးအောက်ပိုင်းတွင် နောက်မှီအစောင်းအနေအထား ၁၂၀ ဒီဂရီ နှင့် ခါးအောက်ပိုင်းကို ၅ စင်တီမီတာ ထောက်ပံ့ထားသည်။ ၁၂၀ ဒီဂရီ စောင်းခြင်းဆိုသည်မှာ ထိုင်ခုံနှင့် နောက်မှီကြား ထောင့်အကွာအဝေးသည် ၁၂၀ ဒီဂရီ ရှိသင့်ခြင်း ဖြစ်သည်။ ခါးရိုးမှ ၅ စင်တီမီတာ ထောက်ပံ့ပေးခြင်း ဆိုသည်မှာ ထိုင်ခုံ၏နောက်မှီက ကျောရိုးအောက်ပိုင်း ခါးဝန်းကျင်ကို ၅ စင်တီမီတာ ထောက်ကန်ထားပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဤထိုင်ခုံ၏ ပုံစံသည် စားပွဲခုံ ဘက်သို့ ကိုယ်ခန္ဓာကို အလိုက်သင့် စောင်းနေစေခြင်းဖြင့် ကိုယ်ခန္ဓာ ကို သက်တောင့်သက်သာ အနေအထားထောင့်ချိုးဖြစ်နေစေပြီး အလုပ်လုပ်ရန်အသင့် အနေအထားကိုဖန်တီးပေးသည်။ ထိုသို့သော ထိုင်ခုံအမျိုးအစားကို Kneeling Chair ဟုခေါ်ဆိုပြီး ၎င်းသည် ကိုယ်ခန္ဓာ အောက်ပိုင်းကို နှိမ့်ချ၍ Open body angle ကိုဖန်တီးပေးသည်။ ဤအနေအထားသည် ကျေားရိုးမကို တည့်မတ်နေစေပြီး အသုံးပြုသူအတွက် သင့်လျော်သက်သာစွာ အလုပ်လုပ်နိုင်သည်။ ၎င်းအနေအထား၏ အကျိုးကျေးဇူးမှာ ထိုင်ခုံတွင်ထိုင်လိုက်သည်နှင့် ကိုယ်ခန္ဓာသည် ၉၀ ဒီဂရီ အနေအထားတွင်သာ ရှိနေမည်ဖြစ်သည်။ သို့သော် ၎င်း kneeling chair အားနည်းချက်တစ်ခုမှာ ကိုယ်ခန္ဓာ၏ အလေးချိန်က ဒူးခေါင်းပေါ်တွင် ကျရောက်နေခြင်းကြောင်း ဒူးခေါင်းဆိုင်ရာ ပြဿနာရှိသူများအနေနှင့် အသုံးပြု၍မရပါ။ ထိုကဲ့သို့ ပြဿနာရှိသူများအတွက် ဒူးစွပ်ပါသည့် မျက်နှာပြင်ညီ kneeling chair( ဒူးတင်/ဒူးထောက်ထိုင်ခုံ) များကို နည်းပညာသစ်ဖြင့် ပုံစံပြောင်းထားသည့် ထိုင်ခုံများကိုလည်းတွေ့မြင်နိုင်သည်။ သင့်လျော်သော kneeling chair တွင် အချို့သောထိုင်ခုံများက ဒူးပေါ်တွင် ကိုယ်ခန္ဓာ၏ အလေးချိန်ကို ထားရှိခြင်းမဟုတ်ဘဲ ညှို့သကျည်းပေါ်တွင် အားပြုထားခြင်းဖြစ်သည်။ သို့သော် ညို့သကျည်းကို ထိုင်ခုံအရှေ့သို့ ထုတ်ထားရမည်။ ကိုယ်ခန္ဓာ၏ အလေးချိန်သည် တင်ပါးပေါ်တွင် မူလအတိုင်းရှိနေရမည်။ ကိုယ်ခန္ဓာကို ရှေ့သို့ တစောင်းဖြစ်သည့် အနေအထားကိုဖြစ်စေသော အခြားသော ပုံမှာ မြင်းနှီးကုန်း ပုံသဏ္ဌန်ရှိသော ခုံများဖြစ်သည်။ ယေဘူယအားဖြင့် ထိုသို့သော ပုံစံမျိုးကို မြင်းစီးသမားများ၏ မြင်းနှီးကုန်း ပေါ်တွင် ထိုင်သည့် အနေအထားကို ပုံသဏ္ဌန်ယူ၍ ပြုလုပ်ထားသည့် မတ်တပ်ခွေးခြေခုံများတွင့် တွေ့မြင်နိုင်သည်။

ခါးနှင့်သက်ဆိုင်သော ပြဿနာဖြစ်ပေါ်မှုကို လျော့နည်းစေသည့်နည်းမှာ ထိုင်ခုံလက်တန်းကို အားပြုခြင်းဖြစ်သည်။ ကိုယ်ခန္ဓာတစ်ခုလုံး၏ ဖိအားကိုခုံနှင့် ကျောမှီပေါ်သို့ အကုန်မပို့ထားပဲ လက်တန်းကို တစ်စိတ်တစ်ပိုင်းအားပြု ထားခြင်းဖြစ်သည်။ ပုခုံးကြောနှစ်ဖက်တင်းမားမှု မရှိစေရန် ထိုင်ခုံလက်တန်းက လိုအပ်သလို ချိန်ညှိ ထိန်းချုပ်ပေးထားခြင်းဖြစ်သည်။


WIKI တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်... ။

_._._._._._._._._

ထိုင်သော အနေအထားလေး တစ်ခုအပေါ်တွင်တောင်မှ ကျွန်တော်တို့ အသုံးပြုနေတဲ့ ပရိဘောဂတွေရဲ့ လွှမ်းမိုးမှုတွေ အများကြီးရှိနေလျှင် ကျွန်တော်တို့ နေ့စဉ် လှုပ်ရှားမှုတိုင်း၊ ထိတွေ့ခံစားမှုတိုင်းမှာ ဘယ်အရာတွေက ဘယ်အနေအထားမှာ ဘယ်လောက် လွှမ်းမိုးထားနေမှာလဲ…။

အတွေးများကို နည်းနည်းလေး ဆန့်ထွက်မိတဲ့တစ်ခဏ ခံစားမှုများအဖုံဖုံနဲ့ ဆင်ခြင်မှုအစုံစုံကို ရရှိရင်း..။ နေ့စဉ် ထိတွေ့နေမိတဲ့ ပရိဘောဂလေးတွေအပေါ်မှာ သက်ဝင်ခံစားမိတဲ့ တစ်ခဏမှာပေါ့….။

စကားချပ်…။ ပုံကိုတော့ Google ကနေ ဟိုရှာ ဒီရှာရင်း မတူညီသောအချိန်တို့က မတူညီသော အတွေးများနဲ့ နှစ်သက်ရာရာ ရှိခဲ့သောပုံတွေကို စုစည်းလိုက်ကြောင်းပါ…။

x.x.x.x.x.x.x.x.x.x.x

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီပိုစ့်ဖတ်ပြီး ကွန်ပျူတာရှေ့ အမြဲထိုင်နေတတ်တဲ့ ကိုယ့်ကိုယ်ကို အနေအထား မှားနေပါလားဆိုတာ ချက်ခြင်း သတိပြုလိုက်မိတယ်..
တစ်နေကုန်နီးပါး ထိုင်နေတော့လဲ မတ်မတ်ထိုင်ဖို့ကို သတိလက်လွတ် ဖြစ်ဖြစ်သွားမိတယ်...
ကျွန်မကတော့ အိမ်တစ်အိမ်ကို ကြီးကျယ်ခမ်းနားတာမျိုးမကြိုက်ဘဲ.. ခပ်သေးသေးနဲ့ ချစ်စရာပရိဘောဂတွေ သုံးတဲ့အိမ်မျိုး သဘောကျတယ်..
အိမ်ရှေ့မှာတော့ မြက်ခင်းစိမ်းကလေးနဲ့ ရေတံခွန်သေးသေးလေးပါအောင်landscaping လုပ်ထားတာမျိုးကို သဘောကျမိတယ်..

ဂျွန်မိုးအိမ် said...

တူတူပါပဲ... ကျွန်တော်လည်း မှားမှန်းသိရက်နဲ့ မပြင်နိုင်ဖူး ဖြစ်နေတာပါ...။ တစ်ခါတစ်ခါ အလုပ်ထဲများ အာရုံစိုက်တာ များလွန်းသွားရင် ပိုဆိုးပါတယ်...။ သတိရတဲ့အချိန်မျိုးဆို ဂရုတစိုက် ပြန်ပြင်လိုက်... သတိလက်လွတ်မေ့တဲ့အခါလည်း မေ့လိုက်နဲ့ပေါ့း)

ဆန်းစနေ၀န်း said...

အိမ်...ဆိုတာ

အေးချမ်းမှုကိုပေးနိုင်တဲ့

စိတ်လွတ်လပ်ပေါ့ပါးမှုကိုဖြစ်စေတဲ့

လေ၀င်ထွက်ကောင်းတဲ့

သက်တောင့်သက်သာရှိစေတဲ့

သဘာဝတရားများနှင့်ရောယှက်နေတဲ့ space လေးတစ်ခုအဖြစ်

ဖန်တီး မြင်ရောင်မိတယ်...

ဂျွန်မိုးအိမ် said...

:D ကျေးဇူးအစ်မ... ဂရုတစိုက် ဖတ်ပြီးပေးတဲ့ ကွန်မန့်အားလုံးအတွက်...။