12 November 2010

မြို့ပြ


မြို့ပြ...တဲ့။

ကျယ်ပြန့်လွန်းတဲ့ နယ်ပယ်...။ မတူညီတဲ့အတွေး၊ မတူညီတဲ့ အားထုတ်မှု၊ မတူညီတဲ့ ချဉ်ခြင်းတပ်မှုမျိုးစုံနဲ့ အိပ်မက်တွေကို ရောင်းတယ်၊ ၀ယ်တယ်၊ အသွင်ပြောင်းကြတယ်....။

ဒီနယ်ပယ်ထဲမှာ သိသိရက်နဲ့ လက်မနဲ့ လက်ညိုး ၀ိုင်းလို့ရတဲ့ အကွင်းလေးအတွက် သိက္ခာကို ချနင်းရဲတဲ့ လက်တစ်လုံးခြား ရက်စက်မှုတွေ ရှိတယ်။ ဒီနယ်ပယ်ထဲက ကဏ္ဍလေးတစ်ခုကိုမှ အပိုင်းအစလေးတစ်ခုကိုမှ မြတ်မြတ်နိုးနိုး လေ့လာရင်း ဘ၀ကို မေ့ထားတဲ့သူတွေရှိတယ်။ သီအိုရီတွေကို စားသုံးရင်း မာနနဲ့ ဘ၀ ရိုက်ခတ်မှုတွေကို ရင့်သီးစွာခံစားနေသူတွေရှိတယ်။ ပညာရှင်တွေက ပညာရပ်ကို ယစ်မူး၊ ငွေရှင်တွေက ပညာရှင်တွေဆီက အသွင်ပြောင်းလာတဲ့ စက္ကူတစ်စအပေါ်ယစ်မူး ရူးသွပ်မှု ကိုယ်စီရှိတယ်။ အချိုးညီညီ အသုံးချသူတွေရဲ့ အောင်မြင်မှုတွေအပေါ် တစ်ချို့တစ်ချို့ရဲ့ မက်မောမှုတွေ ရှိတယ်၊ မုဒိတာ တရားတွေရှိတယ်၊ အားကျမှုတွေ ရှိတယ်။ သောက်မကုန်တဲ့ ပင်လယ်ရေအပေါ် ရက်ရက်ရောရော ဝေမျှသူတွေရှိတယ်။ တဖတ်သတ် မက်မော သိုဝှက်ထားတဲ့သူတွေ ရှိတယ်။ သေချာတာကတော့ တန်ဖိုးထားတတ်တဲ့ စိတ်အပေါ်မူတည်ပြီး အရင်းအနှီးတွေ ကွာခြားတယ်။ များတဲ့ဖက်မှာများ နည်းတဲ့ဖက်မှာနည်း မတူညီတာကိုက မြို့ပြဘ၀ပဲပေါ့......။

ဒီနယ်ပယ်မှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုဟာ Trademark ဖြစ်တယ်။ ပညာရပ်ကို သေချာတတ်သူတွေဟာ ယုံကြည်ချက်ကို ဖြစ်စေသလိုပဲ အဆင့်မီတဲ့ စာရွက်တွေပေါ်က လက်မှတ်တွေကလည်း ယုံကြည်ချက်တွေ ဖြစ်စေသတဲ့..။ စာရွက်တစ်ခုအပေါ်မှာလည်း ယုံကြည်မှုတွေ ထားတယ်။ တံဆိပ်တစ်ခုမှာလည်း ယုံကြည်မှုတွေ ထားတယ်။ လက်မှတ်တစ်ချက်မှာလည်း ယုံကြည်မှုထားတယ်။ Stepping Stone ဖြစ်တဲ့ ယုံကြည်မှုမှာတောင် အတုအစစ်တွေ ရှိတယ်။ သေချာတာကတော့ Trusted Money တွေဟာ အမြဲ ပန်းပန်နေမှာပါ။ တန်ဖိုး သတ်မှတ်လိုက်တဲ့ စာရွက်တွေ အသုံးချတဲ့အခါ အဆိပ်မသင့်စေဖို့ပဲ ဆုတောင်းနေမိပါရဲ့....။

မြို့ပြ ဟာ အိပ်မက်ကုန်စည် ရောင်းပွဲ ပြပွဲ။

မြို့ပြမှာ စူးတဲ့ဆူးတွေ ဆူးမဲ့ဆူးတွေ လူးလွန့်သွားဆဲပါပဲ...။

မြို့ပြ ရဲ့ ပင်လယ်ထဲ မိုးရွာနေတယ်

ကိုယ်တိုင်အတွက်တော့ မရိုင်းတဲ့ လှိုင်းထဲ မျှောပါစေကွယ်။

(ဂျွန်မိုးအိမ်)

[ စကားချပ်...။

အမြင်တွေ အမျိုးမျိုး ကွဲပြားသွားမှာပါပဲ..........။ ကျွန်တော်ကတော့ Civil ပညာရပ်အပေါ် ခံစားမိပါတယ်...။ နောင်တစ်ချိန် ကိုယ့်အမြင်ကို ကိုယ်ပြန်တွေးရင်တောင် ကွဲပြားမှုတွေ ပြန်မြင်ရရင် ကျေနပ်ပါတယ်.......။ အချိန်တစ်ခုမှာတော့ ကျွန်တော် ဒီလိုတွေးခဲ့ကြောင်း စကားလုံးတွေအဖြစ် ချန်ရစ်ခဲ့ရုံပါ....]

4 comments:

ဂျွန်မိုးအိမ် said...

ကျွန်တော် ဒီကဗျာတင်တော့ သူငယ်ချင်းတွေက မြို့ပြကို City လို့ မြင်ကြတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ပြန်တွေးပါတယ်။ သူတို့ မှန်ပါတယ်ဆိုတဲ့အကြောင်း...။ ဒါပေမယ့်ပေါ့..။ ကျွန်တော့်အတွက်တော့ ကိုယ့်အတွေးလေးကို ပြန်ပြောချင်ပါသေးရဲ့...။ နောက်ဆုံးအနေနဲ့က ကျွန်တော့်ကဗျာလေးကို ဖတ်ဖတ်ချင်း ကျွန်တော့်အတွေးကို မှန်ကန်စွာ ဖမ်းဆုပ်ပေးတဲ့ "ဆောင်းရိုင်း" ကို ကျေးဇူးတင်ပါရဲ့..။

ချော(အစိမ်းရောင်လွင်ပြင်) said...

မြို့ပြကို မွန်းကျပ်တယ်လို့ခံစားရတယ်
အသက်ရှုလို့မ၀ဘူး..
နေလို့မပျော်ဘူး
ဒါပေမဲ့ မြို့ပြနဲ့လည်း မလွတ်ကင်းနိုင်ဘူး ဖြစ်နေတယ်..

ဂျွန်မိုးအိမ် said...

;)
ကျွန်တော်တို့က မြို့ပြကို အသက်သွင်းတဲ့သူလည်း ဖြစ်တယ်...
မြို့ပြရဲ့ သားကောင်တွေလည်း ဖြစ်တယ်လေ... စစ်ရဲ့..း)

zawye said...

MZ ရေ ဒီကဗျာ နဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်ကို သဘောကျတယ်ဗျာ..
ငါ့ဘလော့ မှာ တင်ခွင့်ရှိမလား ..
ခွင့်တောင်းတာပါး)