17 November 2010

အိုရီဂါမီ နံရံများ

ငယ်ငယ်က မကြာခဏ ကစားသော ကစားနည်းတစ်ခုတွင် စက္ကူခေါက်ကစားခြင်းလည်း ပါဝင်ခဲ့သည်။ နှစ်နှစ်ကာကာ စိတ်ဝင်စား၍ ကစားခြင်းတော့ မဟုတ်။ ကာယအားဖြင့် ကစားပျင်းသောကြောင့် ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိလှသော ထိုကစားနည်းကို အပျင်းပြေရုံ ဆော့ကစားခြင်းသာဖြစ်သည်။ များများစားစားလည်း မခေါက်တတ်ခဲ့ပေမယ့် စက္ကူခေါက်ကစားခြင်း အတတ်ပညာကိုတော့ မြတ်နိုးတတ်ခဲ့သည်။ စက္ကူလေးတစ်ရွက်မှ အသွင်ပြောင်းလာသော အရုပ်သဏ္ဌာန် အမျိုးမျိုးအပေါ် အတွေးအမျိုးမျိုး တွေးတတ်ခဲ့သည်။ ငှက်ရုပ်ကလေးတွေကို ကြိုးနဲ့သီပြီး ချိတ်ဆွဲရသည်ကို နှစ်ခြိုက်တတ်ခဲ့သည်။ ဒါတွေဟာ သမရိုးကျဆန်သော အတွေးများ ဖြစ်ကောင်းဖြစ်ပါမည်။ ညီမအငယ်ဆုံးကတော့ ဂျီသြမေတြီနည်းကျကျ စဉ်းစားပြီး ကစားရသော စက္ကူခေါက်ကစားခြင်းကို နှစ်နှစ်ကာကာ ဆော့ကစားတတ်သည်။ တစ်ခါတစ်ခါ သူမ စက္ကူစတွေနှင့် ပွရှုပ်အောင် ကစားလျှင်တော့ စိတ်ဆိုးချင်မိသည်။ ခုတော့လည်း သူမ ဘာတွေများတွေးပြီး ဆော့ကစားနေခဲ့သလဲ ဆိုသည်ကို ပြန်တွေးနေမိသည်။ ငယ်ငယ်က ကျွန်တော့် အတွေးများနှင့် ထပ်တူပဲလား။ ကျွန်တော့်ထက်များ ပိုပြီး တွေးမိတာတွေ ရှိနေသလား။ ခုချိန်မှာ သူမ ငယ်ငယ်ကလို စက္ကူခေါက်ကစားခြင်းကို နဘေးမှာ လာကစားလျှင်တော့ သူမကို Origami Walls နဲ့ အိမ်ကလေးတစ်လုံးအကြောင်း ပြောပြဖြစ်မည် ထင်ပါသည်။ သူမ ဘာများ ပြန်ပြောလာမလဲ။ ပျော်ရွှင်စရာ စကားဝိုင်းတစ်ခု ဖြစ်လာမှာတော့ သေချာသည်လေ…။

Origami Walls

ဂျပန်မြို့တော်ဟောင်း ကျိုတိုမြို့ရဲ့ အချက်အချာကျတဲ့ Nijio-jo နားမှာ တည်ရှိတဲ့ Origami Walls House လို့ ခေါ်တဲ့ အိမ်လေးတစ်လုံးကို Alphaville က Kentaro Takeguchi နဲ့ Asako Yamamoto တို့ ဖန်တီးခဲ့တာပါ။ အိမ်ကလေးဟာ 78.68 m2 ပမာဏရှိတဲ့ ခပ်ကျဉ်းကျဉ်းရှိတဲ့ မြေကွက်လပ်လေးတစ်ခုအပေါ် တည်ရှိပါတယ်။ ပတ်ဝန်းကျင်မှာတော့ MACHIYA လို့ခေါ်တဲ့ ဂျပန်ရိုးရား သစ်သားအိမ်ကလေးတွေရှိပါတယ်။ အိမ်ကလေးရှိတဲ့ နေရာဟာ ဆောက်လုပ်ရေးဥပဒေအရဆိုရင်လည်း အသစ်တည်ဆောက်မယ့် အဆောက်အဦးဟာ ပတ်ဝန်းကျင်မှာ ရှိနှင့်ပြီးသားဖြစ်တဲ့ အဆောက်အဦးတွေနဲ့ လိုက်ဖက်မှုလည်းရှိရပါတယ်။ သီးသန့် ကွဲထွက်နေတဲ့ အပြင်ဒီဇိုင်း (Exterior Design) မျိုး မဟုတ်ပါပဲ အဝေးကကြည့်ရင် သမရိုးကျဖြစ်ရပါမယ်။ ထိုအချက်တွေနဲ့ အံဝင်အောင်လို့ Kentaro Takeguchi နဲ့ Asako Yamamoto တို့ဟာ သူတို့ဖန်တီးမယ့် ဟင်းလင်းခွင်တစ်ခုအတွင်း ဖွဲ့စည်းမယ့်ထုထည်၊ ထားရှိမယ့် အကွာအဝေး၊ ဖြတ်သန်းသွားလာမယ့် ကြားကွက်လပ်ငယ်နဲ့ လှုပ်ရှားနေမယ့် အိမ်ကလေးကို စိတ်ဝင်စားဖွယ် နေချင်စဖွယ် ဖန်တီးထားပါတယ်။

သုံးထပ်အိမ်ကလေးရဲ့ စုစုပေါင်း Gross Area ဟာ 104.66m2 ရှိပြီး Stel Structure နဲ့ တည်ဆောက်ထားတာပါ။ ကားတစ်စီး ရပ်နားလို့ရတဲ့ Parking Space နဲ့ Bed Room, Kitchen, Dinning Room, Living Room, Small Study Room, Children Room, Private Room စတဲ့ အခန်းလေးတွေနဲ့ ယန္တရားဆန်ဆန် ဆက်သွယ်ထားတဲ့ လှေကားလေးတွေ ပါဝင်ပါတယ်။ သမရိုးကျ ဟင်းလင်းခွင်လေးတွေလို ကြမ်းခင်း၊ နံရံနဲ့ မျက်နှာကျက်တွေက ဖြောင့်ဖြောင့်တန်းတန်း ရှိမနေပဲ အတိုးအလျော့ အတက်အဆင်း အ၀င်အထွက် အချိုးအကွေ့ အမျိုးမျိုးနဲ့ လွင့်မျှောနေသလို ပြောင်းလဲနေတဲ့ ခန်းဖွဲ့ပုံစံဟာ Space တစ်ခုကို Origami ကစားနည်းတစ်ခုလို ကစားပုံဖော်ထားပါတယ်။ ခပ်ပြေပြေ လျှောဆင်းလာတဲ့ နံရံများနဲ့ အနိမ့်အမြင့် ပြောင်းလဲနေတဲ့ မျက်နှာကျက်သားများဟာ ဟင်းလင်းခွင် သေးသေးလေးတစ်ခုအတွင်း အံ့သြဘနန်း ပြောင်းလဲနေပါရဲ့။ ဟင်းလင်းခွင် သေးသေးလေးတစ်ခုကို ကျဉ်းကျပ်ခြင်း ကျယ်ပြောခြင်း မရှိအောင် ခပ်မြင့်မြင့် မျက်နှာကျက်တစ်ခုနဲ့ အလင်းအ၀င်အထွက်တွေဖြင့် ကစားပြထားပါတယ်။ နံရံသားဖြူဖြူနဲ့ အရောင်နုနု သစ်သားကွက် ကြမ်းခင်းနဲ့ မျက်နှာကျက်တွေဟာ ထုနဲ့ထည်နဲ့ အိမ်ကလေးတစ်ခုလုံးကို ခက်ထန်မနေစေပဲ ပျော့ပျောင်းညီညွှတ်စွာ လိုက်ဖက်ညီညီ တည်ရှိနေပါတယ်။

အိမ်ကလေးအတွင်း ဘယ်ကိုပဲ သွားချင် သွားချင် ပထမဦးဆုံေးတာ့ Main Deck ဖြစ်တဲ့ Living Room လေးကို အရင်သွားရပါတယ်။ Parking Area ကနေ Entrance လေးကို ဖြတ် လှေကားလေးနဲ့တက်လာရင် Main Deck ဖြစ်တဲ့ Living Room လေးကို ရောက်ပါတယ်။ အဲ့ဒီကနေမှာ နောက်ထက် လှေကားလေးတွေနဲ့ Bed Room နဲ့ Bath Room ကို ဆက်သွယ်ထားပါတယ်။ Parking Area ကနေ Bed Room ကို တိုက်ရိုက်သွားမယ့် လမ်းတော့ မရှိပါဖူး။ နောက်ထပ် လှေကားလေးတစ်ခုကတော့ Main Deck ကနေ အမိုးအောက် ထပ်ခိုးက Children’s Room နဲ့ Private Room ကို ဆက်သွယ်ထားပါတယ်။ လှေကားအစောင်းလေးတွေအောက်မှာလည်း Study Room အတွက် Area လေးရှိပါတယ်။ ထက်အောက်သွားဖို့ ဆက်သွယ်ထားတဲ့ လှေကားလေးတွေရဲ့ အရေးပါမှုဟာလည်း တစ်မျိုးတစ်ဘာသာ စိတ်ဝင်စားစရာပါ။ ကျဉ်းကျဉ်းသွယ်သွယ် လမ်းကလေးတွေဟာ လှိုဏ်တစ်ခုထဲ ၀င်ရသလိုလည်း ထင်ရပါရဲ့။ ထုနဲ့ထည်နဲ့ဖွဲ့စည်းထားတဲ့ ဘေးနံရံများအကြား လှေကားလေးတွေဟာ ဆိတ်ငြိမ်လွန်း အေးစက်တည်ကြည်လွန်းသယောင်ဆိုပေမယ့် အတွင်းမှာ နေထိုင်တဲ့သူတွေ တစ်နေရာမှ တစ်နေရာကို ဦးတည်ချက်တစ်ခုနဲ့ သွားလာရတဲ့အခါမှာတော့ လှုပ်ရှားသက်ဝင်လွန်းပါတယ်။

Polyhedral Form နံရံတွေနဲ့ ခန်းဖွဲ့တွေဟာ အိမ်ကလေးဖွဲ့စည်းပုံရဲ့ အဓိက အချက်ပါပဲ။ သမရိုးကျ အလျားလိုက် ပြေးမနေသလို ဒေါင်လိုက်အဖြစ် မားမားမတ်မတ် ရပ်တည်မနေပဲ ပြောင်းလဲနေပါတယ်။ Multidimensionality လို့ပဲ ဆိုရမည် ထင်ပါသည်။ ဒီ နံရံလေးတွေကပင် သဘာဝအလင်းကို အဆင့်ဆင့် သယ်ဆောင်ပေးလာပြန်သည်လေ။ Plywood Finished Wall လေးတွေနဲ့ ဟင်းလင်းခွင်တစ်ခုကို နှစ်လိုဖွယ်ဖြစ်အောင် ကစားထားခြင်းဟာ နေထိုင်မယ့်သူတွေအတွက် Living Machine ထဲ ရောက်ရှိနေသလို ဖြစ်မှာပါ။

အိမ်ကလေးဟာ ပတ်ဝန်းကျင်က အိမ်ကလေးတွေအကြားမှာ သမရိုးကျ တည်ရှိပါတယ်။ သို့ပေမယ့် ဖွဲ့စည်းပုံနဲ့ နေထိုင်မှုဟာ ခွဲထွက်နေပါတယ်။ ရှေးရိုးဆန်တဲ့ နေရာလေးတစ်ခုအတွင်း မတူညီတဲ့ နေထိုင်မှုလေးဟာ Kentaro Takeguchi နဲ့ Asako Yamamoto တို့ပေးချင်တဲ့ feeling ပဲ ဖြစ်မယ် ထင်ပါတယ်။ ပုံမှန် လေးထောင့် ဟင်းလင်းခွင်တစ်ခု အဖြစ်မဟုတ်ပဲ X, Y, Z Dimension မှာ Dimension တစ်ခုကို ပြောင်းလဲကစားထားခြင်းဟာ Space တစ်ခုကိုဖန်တီးနေခြင်းလား၊ Surface Paper တစ်ခုကို Fold အမျိုးမျိုးအဖြစ် ခေါက်ကစားနေခြင်းလား။ သူနဲ့ သူမတို့ ငယ်ငယ်တုန်းက စက္ကူစလေးကစားနေရင်း တစ်ချိန် ဒီလို အိမ်ကလေးတစ်လုံးကို ဖန်တီးမယ်လို့များ အတွေးတွေ ၀င်ခဲ့ကြသလား။ ဒီ Origami Walls နဲ့ အိမ်ကလေးဟာ ငယ်နုတဲ့အတွေးမှာ သူ နဲ့ သူမတို့ထားရှိခဲ့တဲ့ စိတ်ကူးယဉ်ခြင်းလား။

ကောင်းကင်ကြီး ဘာကြောင့်ပြာသလဲဆိုတာကို ငယ်ငယ်တုန်းကတွေးတော့ အဖြေမရခဲ့။ ခုထိလည်း ကျွန်တော်ရယ် အဖြေမရှာချင်ခဲ့။ ငယ်ငယ်တုန်းက အတွေးတွေကို တဖြည်းဖြည်း ရင့်ကျက်စေဖို့ ကျွန်တော် ကြိုးစားရဦးမည်။ ထို့အတူ ဒီကနေ့ ရေးတဲ့စာကို ညီမလေးဖတ်ပြီး သူမကိုလည်း တွေးတတ်စေချင်သည်။ ဖန်တီးခြင်းဆိုတာဟာ တကယ်တော့ အဝေးကြီးမှာမဟုတ်။ အနီးလေးမှာပဲ မဟုတ်ပါလား။ ကျွန်တော်တို့ မြင်တတ်အောင်တော့ ကြည့်ရပါဦးမည်။

ဂျွန်မိုးအိမ်

စကားချပ်။

http://vimeo.com/11158370 မှာတော့ အိမ်ကလေးကို သွားကြည့်နိုင်ပါတယ်။ တစ်ချိန်တော့ ကျွန်တော်လည်း ကျွန်တော့် ညီမငယ်လေးကို ဒီအိမ်လေးအကြောင်း ပြောပြပါဦးမယ်..။

REFERNCE

- http://architecturephoto.net/en/2010/09/new_kyoto_town_house_by_kentar.html

- Origami Walls, Denis Ong, D+A Design and Architecture Magazine, Issue 057, 2010.


အောက်က link လေးကတော့ အချိန်တစ်ခုအတွက် အမှတ်တရအဖြစ်ပေါ့...။

http://www.mediafire.com/?s9axilerpp1eiv4


5 comments:

မိုးခါး said...

ငယ်တုန်းကတော့ စာရွက်ရောင်စုံတွေနဲ့ ငှက်တွေကြယ်တွေ ခေါက်ဘူးတယ် .. စိတ်ငြိမ်တယ်လေ ..း))

ဂျွန်မိုးအိမ် said...

ငှက်ကလေးက တော်သေးတယ်..။ ကြယ်လေးတွေက ခေါက်ရတာ မောတယ်..။ ခေါက်တဲ့အတိုင်း အရုပ်ကလေးတွေရတဲ့အခါ ပျော်ပြီး
ခေါက်သလို မရတဲ့အခါ စိတ်တိုရပြန်ရော :P

သက်ပိုင်သူ said...

ွှအရင်တုန်းကတော့ အဲလို အခန်းဖွဲ့စည်းမှုလေးတွေ တွေ့ရင် ထူးဆန်းလွန်းလို့ မင်သက် သဘောကျမိတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ်စိတ်ညစ်နေတဲ့ အချိန်မျိုးမှာ ကြည့်မိရင် အသက်ရှုကျပ်လာတယ်။ တကယ်တမ်းနေဖြစ်ရင် ဘယ်လိုနေမလဲမစဉ်းစားတတ်တော့ဘူး... ကိုယ်ကတော့ အသက်ကြီးလာလို့လားမသိဘူး.. ရိုးရိုးရှင်းရှင်းနဲ့ ကဗျာဆန်တာလေးကို ပိုကြိုက်တယ်... (ငှက်တော့ မခေါက်ဖူးဘူး.. ဒါပေမယ့် စက္ကူညှပ်၇တာ သဘောကျတယ်)

ဂျွန်မိုးအိမ် said...

အင်း.. ဒီ အိမ်က အသက်ကြီးသူတွေနဲ့တော့ သိပ်ကီးမကိုက်ဖူး :)
(လှေကားတွေနဲ့ပဲ သွားနေရလို့....ဟုတ်တယ် ဟုတ် ).. ဒါပေမယ့် ကိုသက်ပိုင်သူက အသက်မကြီးသေးပါဖူး :P

myint wai said...

စက္ကူနဲ့ခေါက်လို့၇တဲ့အိမ်ပုံစံလေးလိုချင်ပါတယ်