08 November 2010

Module Ark!


Module Ark ဆိုတာ Sponge Architect က ဖန်တီးခဲ့တဲ့ လှေအိမ်ကလေးပါ..။ သမ္မာကျမ်းထဲက Noah မိသားစုကို ရေကြီးခြင်းမှ ကယ်သော လှေကြီးတော့လည်း မဟုတ်ဖူးပေါ့...။ ဒီ Module Ark လေးထဲမှာ နေလို့ရတယ်..။ အလုပ်လုပ်လို့ရတယ်...။ သွားလာလို့လဲရမယ် ထင်ပါတယ်..။ လှေအိမ်ကလေးရဲ့ ပတ်ပတ်လည်ကို မှန်တွေနဲ့ အတွင်းနံရံအဖြစ် ကာထားပါတယ်။ အလယ် ဟင်းလင်းခွင်ကတော့ Open Space..။ ဒီလို မှန်မျက်နှာပြင်ကြီးတွေကိုပဲ အသုံးပြုထားလို့ လှေအိမ်ကလေးဟာ စွမ်းအင်ချွေတာမှုကို ထိရောက်စေတာလည်း ဖြစ်နိုင်ပါတယ်။

အပြင်ဖက်ကနေတော့ Steel, Aluminum frame ကြီးနဲ့လေ။ အပြင်က frame တွေဖြစ်တဲ့ facades တွေကို ပိတ်လိုက်ရင်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခတ်လာမယ့် လေရဲ့ ဒဏ်ကိုလည်း ကာကွယ်ထားနိုင်ပါတယ်။ သိပ်ပူပြီးတဲ့ နွေအခါမှာ အပူဒဏ်တွေကို အထဲကိုမရောက်နိုင်အောင် အပြင်က frame တွေဖြစ်တဲ့ facades တွေက ကာကွယ်ထားနိုင်သလို အေးမြတဲ့အချိန်ရောက်လာတဲ့အခါမှာလည်း အတွင်းထဲက အပူဓါတ်တွေ ပျောက်ပျက်ဖို့ ခက်ခဲစေတယ်လေ။ ပြန်ဖွင့်လိုက်တဲ့အခါမှာဆိုရင်လည်း ဒီ Open Shutters တွေက နေရောင်ကာပေးထားပြန်ရော။ ဒီအရည်အသွေးကိုကမှ ဒီ Module Ark ရဲ့ Sustainable ဖြစ်ပါတယ်ဆိုတဲ့ ဂုဏ်သတ္တိလို့ ခေါ်ဆိုနိုင်မှာလား..။

ဒီ လှေအိမ်ကလေးတွေဟာ Concrete, Steel, Aluminium, Glass နဲ့ Wood တွေကို အချိုးညီညီ သုံးထားပါတယ်။ ကြမ်းခင်း ဧရိယာ ၂၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ လှေအိမ်လေးတွေဟာ ရေပေါ်မှာ ပြေးလွှားနေမယ့် အသက်ဝင်နေတဲ့ လှိုဏ်ဂူလေး တစ်ခုလိုပါပဲ..။ အ၀င်လမ်းကြောင်း၊ နံရံကပ် ဘီဒိုတွေ၊ သိုလှောင်ခန်းတွေ၊ ရေချိုးခန်းနဲ့ မီးဖိုခန်းတွေလည်း အစီအရီ ပါဝင်လေရဲ့..။ ဒီ လှေအိမ်လေးတွေဟာ တည်ဆောက်ရတာလည်း မြန်ပါတယ်။ သက်တော့သက်သာ နေထိုင်လို့ရတဲ့ အိမ်ကလေးတစ်ခုလိုပါပဲ..။ လိုအပ်တဲ့အခြေအနေနဲ့ လိုအပ်တဲ့ အချိန်အခါအလိုက် ခန်းဖွဲ့မှုကိုလည်း အလိုက်သင့် ပြောင်းလဲလို့ရနိုင်ပုံပါ။ ရိုးရှင်းတဲ့ ဖန်တီးမှုဟာ ဘယ်ခါမှ မရိုးသွားစေသလို ကုန်ကျစရိတ်ကလည်း သက်သက်သာသာရှိလွန်းပါရဲ့။

လှေအိမ်ကလေးတွေဟာ ဘယ်ဆီဘယ်ဝယ်များ လွန်းတင်ရပ်နားမှာလဲ..။ အရှေ့၊ အနောက်၊ တောင် နဲ့ မြောက်ဟာ ကန့်သတ်ချက်မဲ့ပါရဲ့..။ Sponge Architect က Module Ark ကို ဘယ်လိုအကြောင်းနဲ့ ဒီဇိုင်းလုပ်ခဲ့တာလဲ..။ တွေးနေမိပါတယ်။ အဖြေတော့ မရသေးပါဖူး။ တစ်ချိန်တည်းမှာပဲ အင်းလေးက ဈေးလှေတွေနဲ့ ရေပေါ်အိမ်တွေ၊ ဆလုံတိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်ကို မြင်ယောင်မိပါတယ်။ သူတို့တွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်ကို ဂဃဏန မသိပါဖူး။ Archdaily မှာ ဒီ Module Ark ကို ဂရုတစိုက် ဖတ်မိတာလဲ လှေလား၊ အိမ်လား မကွဲပြားတဲ့ လှေအိမ်လေးတွေကိုတော့ ဘာရယ်မဟုတ် မြတ်နိုးမိလို့ပါပဲ...။

-ဂျွန်မိုးအိမ်-

Ref: Archdaily

Footnote: remembrance for one of my online-sister SaungYine's Birthday!

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်လုံးလောက်တော့ လိုချင်သားနော်
စိတ်ညစ်အတဲ့အခါ အဆုံးမရှိတဲ့နေရာတွေကို လွင့်မျောသွားလိုက်ချင်တာလေ။
ဧရာဝတီမြစ်ထဲ စုံဆန်စီးမျောရရင်ကောင်းမယ်နော်။
ဗန်းမော်အောက်နားက ကျီးကန်းနှုတ်သီးတို့လို
မြစ်ကျဉ်းနေရာတွေတစ်ဝိုက်ပေါ့း)
မွေးနေ့ရှင်လဲ ပျော်ရွှင်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

ဂျွန်မိုးအိမ် said...

လှေအိမ်ကို လိုချင်တဲ့ စိတ်ကူး တူသွားပြီ။
sis ဗန်းမော် ရောက်ဖူးတယ် ထင်တယ်..။ ဟုတ်တယ်ဟုတ် ???
မွေးနေ့ရှင်ကတော့ မွေးနေ့မှာ ပျော်နေမှာပါ...။ :P