04 March 2011

ဘ၀ ဆိုတာ ဂိမ်း ကစားနည်း..။

ဘ၀ ဆိုတာ ဂိမ်း ကစားနည်း..။

ငယ်ဘ၀ဆိုတာ
လောင်းကြေးထပ်ပြီး ပြန်မရနိုင်တဲ့
ကစားနည်းတစ်ခုတဲ့..
တကယ်...!
ဘ၀ ဆိုတာ ဂိမ်း ကစားနည်း..။

အလျော်အစားတွေ များတယ်
အကျော်အလွှားတွေ များတယ်
အပျော်အပါးတွေ များတယ်
မရည်ရွယ်ပါပဲနဲ့ ကစားကြတယ်
ကျီစယ်တဲ့သဘောနဲ့ ကစားကြတယ်
တကယ်...!
ဘ၀ ဆိုတာ ဂိမ်း ကစားနည်း..။

လက်ထဲက အချိန်တွေကို ကစားဖြစ်ခဲ့ကြတယ်
ထွက်သွားနေတဲ့ အချိန်တွေမှာ ကစားမိလိုက်ကြတယ်
ရပ်ထားလို့ ရတဲ့ ကစားနည်းတွေမှာ ကစားဖြစ်ခဲ့မိတယ်
ပစ်သွားလို့ မရတော့တဲ့ ကစားနည်းတွေကိုလည်း ကစားလိုက်ကြရတယ်
တကယ်...!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။

စိတ်ဓါတ်တွေကို အရင်းတည်ပြီး ကစားလိုက်တယ်
မိတ်ပျက်တာကို အရင်းတည်လည်း ကစားလိုက်တယ်
ကစားရင်းနဲ့ သံယောဇဉ်တွေ ပျောက်သွားခဲ့ကြတယ်
ကစားရင်းနဲ့ သံယောဇဉ်တွေ ရောက်သွားကြရတယ်
တကယ်..!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။

မေတ္တာကစားပွဲတွေကို ရူးသွပ်မိကြတယ်
သိက္ခာကစားပွဲတွေမှာ ဆူးစွပ်မိကြတယ်
ပါးပါးလျပ်လျပ် ကစားမိကြရင်း
ဓါးထက်ထက်မှာ သွားရပ်မိကြရင်း
တကယ်..!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။

ရှေ့မှာ ဂိမ်းအသစ်တွေ ပေါ်ပေါ်လာနေတယ်
တစ်ကွေ့မှာ ဂိမ်းအသစ်တွေကို ကျော်ကျော်လာနေတယ်
ကစားဖော်တွေ အချိန်နဲ့အမျှ ပြောင်းပြောင်းလာရတယ်
ကစားပျော်တာတွေ အချိန်နဲ့အမျှ ညောင်းညောင်းလာကြတယ်
အသစ်အသစ် ဆိုတာတွေကို ခုံမင်လာမိတယ်
အဟောင်းသံသရာမှာ ပြန်လှန်ကြုံဝင်လာမိတယ်
တကယ်..!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။

သေချာတာထက် သေချာတယ်
သင်လည်း ကစားနေတယ်
ကျွန်တော်လည်း ကစားနေတယ်
ဒိုင် မရှိတဲ့ ပွဲတွေမှာ
အနိုင်အရှုံးဆိုတာလည်း မရှိဖူး
လက်ဖမိုးနဲ့ လက်ဖ၀ါးလို
သူ့ဖက် ကိုယ့်ဖက် အားလုံးဟာ အမှန်ကြီးပဲ။

တကယ်..!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။

ဂျွန်မိုးအိမ်
၃ / ၄ - မတ်လ - ၂၀၁၁

စကားချပ်။ ။
ကျွန်တော်တို့ ကစားနေတဲ့ ကစားပွဲတွေ....။ ပညာနဲ့ အရင်းတည်ပြီး ကစားတယ်...။ ငွေကြေးနဲ့ အရင်းတည်ပြီး ကစားတယ်..။ မေတ္တာတွေ သံယောဇဉ်တွေ ကစားတယ်။ သိက္ခာတွေ၊ ယုံကြည်မှုတွေ ကစားတယ်။ ရိုးရိုးလေးနဲ့ ပါးပါးလေးသွားတဲ့ ကစားပွဲတွေလား..။ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်တဲ့ ကစားပွဲတွေလား...။ သေချာတာကတော့ ကစားပွဲတိုင်းကို လှမ်းကြည့်လိုက်တဲ့အခါ အဝေးဆုံး ကောင်းကင်က ကြယ်လေးတွေ မျှော်ကြည့်သလို တွေးမိရင်း ခြေလှမ်းတွေကတော့ နေရာတစ်နေရာမှာ မြဲမြံစွာ ရပ်ထားချင်မိပါတယ်..။

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂိမ်းကစားရတာကို သဘောကျပါတယ်
ဒါပေမဲ့ သန့်သန့်ရှင်းရှင်း ကစားရတာမျိုးကိုပဲ သဘောကျတယ်
မာယာတွေ ကျောက်ကျစ်လှည့်ဖျားမှုတွေနဲ့တော့ ဘ၀ရဲ့ဂိမ်းတွေကို မကစားချင်ဘူး
ကိုယ့်မှာရှိတဲ့ အင်အားနဲ့ဘဲ အနိုင်ဆော့ချင်ပါတယ်..