04 April 2011

နံနက်ခင်း ကော်ဖီဆိုင်


လောက အလှ မှာ ပါတဲ့ ကျွန်တော့်ရဲ့ ပထမဦးဆုံး ကဗျာလေးပါ...။ ရေးခဲ့တာ တော်တော်ကြာပြီ ဖြစ်တဲ့ ကဗျာ...။

ကော်ဖီတစ်ခွက်ကို သူငယ်ချင်းတွေနဲ့ အတူတူ သောက်ဖူးမယ်...။ မောင်နှမတွေ နဲ့ အတူတူ သောက်ဖူးမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ သောက်ဖူးမယ်။ ချစ်ခင်ရသူတွေနဲ့ အတူတူ သောက်ဖူးမယ်...။ ကော်ဖီ ရဲ့ အနှစ်သာရနဲ့ အမှတ်တံဆိပ်ခြင်း တူနေခဲ့ရင်တောင် နေရာ ၊ ဒေသ၊ ကာလ တွေအပြင် အတူတူ အရသာခံသောက်မယ့်သူတွေ ပြောင်းလဲသွားနိုင်သလို ကော်ဖီအရသာတွေလည်း ပြောင်းလဲသွားနိုင်မယ် ထင်ပါတယ်။ ကော်ဖီတစ်ခွက်နဲ့အတူ ဖွင့်ခဲ့တဲ့ မနက်ခင်းတွေကိုပဲ ကော်ဖီတစ်ခွက်နဲ့အတူ ပိတ်သိမ်းလိုက်ရတဲ့ ညတွေလည်း ရှိခဲ့ဖူးမှာပါ။

ဒီကဗျာကို ရေးနေမိတဲ့အချိန်တုန်းက အမေဖျော်ပေးတဲ့ ကဖင်းဓါတ်ကို လျော့ချထားတဲ့ ကော်ဖီတစ်ခွက်ကို (နှစ်နှစ်ကာကာ ဒီအရသာကို မနှစ်သက်မိပေမယ့်) သတိရနေမိသလို၊ မြေလမ်းနဘေးတစ်နေရာ မွေးရပ်မြေက ကျောင်းတော်ကြီးရဲ့ ချောက်တီးချောက်ချက် ကော်ဖီဆိုင်မှာ သူငယ်ချင်းတွေနဲ့ အတူတူ အရသာ သိပ်မရှိလှတဲ့ ready made ကော်ဖီသောက်နေမိတဲ့ အချိန်တွေကို သတိရမိပါတယ်။ ဘ၀မှာ တစ်ခါတစ်ခါ ကျွန်တော်တို့ဟာ စွဲမက်စေမိတဲ့ အရသာတွေကို ဖြတ်သန်းခင်က တန်ဖိုးထားမှု ပြည့်ပြည့်၀၀ နားမလည်မိခဲ့မှုဆိုတဲ့ အချိန်တစ်ချို့ကို နံနက်ခင်း ကော်ဖီဆိုင်မှာ တွေ့နေမိခဲ့တယ်။ တွေးနေမိခဲ့တယ်။ တွေးနေမိဦးမယ် ထင်ပါရဲ့...။

နောင် တစ်ချိန် ကျွန်တော် အမှတ်ရမိတဲ့ နံနက်ခင်း ကော်ဖီဆိုင်တွေဟာ ကျွန်တော် သောက်နေမိတဲ့ ကော်ဖီ အမှတ်တံဆိပ်တွေ ပြောင်းလဲသွားသလို အတူတူ သောက်နေတဲ့ သူတွေ ပြောင်းလဲသွားသလို အမှတ်ရခြင်းတွေလည်း ပြောင်းလဲသွားမယ်ဆိုတာ သေချာတယ်ဆိုတာတော့...။

ဂျွန်မိုးအိမ်

4 comments:

မောင်မျိုး said...

အချိန်တွေနဲ့ အတူပြောင်းလဲခြင်းတွေရှိလာပေမယ့် ကော်ဖီကတော့ ကိုယ့်နဘေးပေါ့ အောက်ဆုံး ၃ ကြောင်းက အတွေးတွေ ကြိုက်တယ် ။

မိုးခါး said...

ကော်ဖီက မရှိမဖြစ်လို့ ပြောရင်တောင်ရတယ် .. (ကိုယ့်အတွက်ပါး)

ခုချိန်ထိ ကော်ဖီဆိုင်တွေ ဘယ်နှစ်ဆိုင်ပြောင်းထိုင်ဖြစ်လဲ မမှတ်မိတော့ဘူး
ကော်ဖီဆိုင်ထိုင်တဲ့ သူတွေ ဘယ်နှစ်ယော်ပြောင်းသွားလဲ မရေနိုင်တော့ဘူး
စိတ်ကူးရတိုင်း ကော်ဖီကတော့ သောက်တုန်းပဲး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်ဖီလေးတစ်ခွက်ကို ဘယ်နေရာရောက်ရောက် ပြင်းပြင်းပြပြ သတိရဖူးတယ်
ခုချိန်ထိလဲသတိရတုန်းဘဲ။
ဘယ်သူဘယ်ဝါနဲ့ သောက်ခဲ့လို့ရယ်ဆိုတဲ့စိတ်အစွဲကြောင့် မဟုတ်ဘဲ ကိုယ်နှစ်သက်မိတဲ့ ကော်ဖီရဲ့ အရသာကြောင့်ပါဘဲ။ အဲဒီကော်ဖီတစ်ခွက်က ကိုယ်သိပ်ကြိုက်တဲ့ ဟေဇယ်နတ် ကော်ဖီပေါ့။ ခွက်လေးက သေးသေးလေးမို့ မြန်မြန်ကုန်သွားမှာစိုးလို့ နည်းနည်းချင်း ငုံပြီးသောက်ခဲ့မိတယ်. အဲဒီကော်ဖီဟာ ဘယ်သူနဲ့ပဲသွားသောက်သောက် လူတွေသာပြောင်းသွားပေမဲ့ ကော်ဖီအရသာက တစ်သမတ်ထဲ အပြောင်းအလဲမရှိ ကောင်းနေ မွှေးနေဆဲပါ။ တစ်ယောက်တည်း သွားသောက်လဲ ဒီအရသာပါဘဲ
သစ္စာရှိသော ကော်ဖီလေးတစ်ခွက်ပေါ့။

Angelhlaing(May everybody be happy and healthy! said...

စိတ်ထဲရှိနေတဲ့ အတွေးတွေကို အရမ်းနှစ်သက်တဲ့ ကော်ဖီတစ်ခွက်နဲ့
တွေးခွင့်ရတဲ့ အချိန်က ကိုယ့်အတွက် တန်ဖိုးရှိဆုံး အချိန်ပဲ..။
ကော်ဖီချစ်သူ တစ်ယောက်မို့
ခံစားအားပေးသွားလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေ။