10 April 2011

စင်္ကာပူရ ညနေ




တစ်ချိန်.. ဘာရယ်မဟုတ် အိမ်ကို အရမ်းပြန်ချင်နေမိတဲ့ တစ်ညနေက ရေးခဲ့မိတဲ့စာ...။

နောက်တော့လည်း စိတ်မပါတာနဲ့ မတင်ဖြစ်ခဲ့ဖူး...။ မနေ့ကတော့ ဘာရယ်မဟုတ် အိမ်ကို ခဏဖြစ်ဖြစ် အပြေးပြန်ချင်ပြန်တယ်...။ လွန်ခဲ့တဲ့နှစ်တုန်းကလည်း ဒီအချိန် အိမ်ပြန်ချင်တာပဲ...။ သင်္ကြန်ပျော်ချင်လို့တော့ မဟုတ်ဖူးပေါ့..။ သင်္ကြန်ဆိုတာ ရေမစိုတာ ဆယ်စုနှစ်တစ်စု ကျော်သွားအောင် ပျင်းဖို့ကောင်းတဲ့ ရာသီတစ်ခုလို့ပဲ တွေးမိရုံ...။း) အိမ်ပြန်ချင်တဲ့အချိန်မှာ သတိရမိတာက ဒီကဗျာလေးပဲ..။ ဒီလိုပါပဲ.. တစ်ခါတစ်ခါ မွန်းမွန်းကြပ်ကြပ်ညနေတွေမှာ ဒီလိုစာတွေ ရေးဖူးခဲ့တဲ့အကြောင်း အမှတ်တရပေါ့..။

x.x.x.x.x.x.x

စကားချပ်။

ဒါကတော့ ရွှန်းမီ က tag လို့ စဉ်းစားမိလိုက်တော့နောက်ဆုံး ဒီအဖြေတွေ ထွက်လာတယ်...။ လက်ရှိမှာ နှစ်သက်တာတွေက နည်းပြီး အတိတ်ကိုပဲ လူကပြန်သွားနေမိတဲ့အတွက် စိတ်နည်းနည်းရှု့ပ်မိသွားတာတော့ အမှန်။ သို့ပေမယ့် ကိုယ့်ရဲ့အတွေးကို ကိုယ်အမြဲ မှန်ကန်ကြောင်း လက်ခံမိတဲ့အတွက် ဒီတိုင်းပဲ တင်လိုက်ပါတယ်။ ကိုယ်နှစ်သက်တာတွေ စဉ်းစားရတာ တော်တော်မောတဲ့ အကြောင်း သိသွားရလို့ ၊ တစ်ခါတစ်ခါ ကျွန်တော်ဟာ အချိန်ကာလကို ကြည့်ရာမှာ အတိတ်ကိုပဲ ကြည့်ကြည့်နေခြင်းထက် ရှေ့ နဲ့ လက်ရှိကိုလည်း ပြန်ကြည့်ဖို့ လိုအပ်တဲ့အကြောင်း သိသွားရလို့ ရွှန်းမီကိုတော်တော် ကျေးဇူးတင်သွားတယ်...။

x.x.x.x.x.x.x

I like it 4 the whole LIFE!

- ညီမငယ်လေးရဲ့ အချွဲအနွဲ့ကို ခံရတဲ့အခါ ၊
- အဖေအမေ စိတ်လိုလက်ရ ဆူတဲ့အခါ ၊
- အဖေနဲ့ တစ်ခါတစ်ခါ လမ်းကြောင်းမတူ စကားများရတဲ့အခါ ၊
- အ၀တ်အစားမှန်သမျှ ညီမလေးက ကိုယ့်ရှေ့အရောက် မကြိုက်မချင်း လှဲလှယ် ၀ယ်ပေးတဲ့အခါ ၊
- နေတာ ထိုင်တာ အချိုးမကျလို့ ညီမလေးက ဒေါသထွက်ပြီး ခဏခဏ ဆူတဲ့အခါ ၊
- ဘုရားစင်မှာ အမေက နှင်းပန်းနဲ့ လက်ထပ်ပန်းတွေ၊ စံပါယ်ပန်းနဲ့ ဇွန်ပန်းတွေ လှူတဲ့အခါ ၊
- အိမ်ရှေ့မှာ စံပါယ်တွေ၊ ဇွန်တွေ၊ ခရေတွေ ပွင့်နေတဲ့အခါ ၊
- အပြင်ထွက်ရင် ဘေးအိမ်က ခွေးတွေ တစ်ကောင်မှ မရှိတဲ့အခါ ၊ (ရှိရင် မထွက်ဖူးလေ)
- ညီမအလတ်က စားချင်တာတွေကို တကူးတက ချက်ကျွေးတဲ့အခါ ၊
- မနက်မိုးလင်းတာနဲ့ အမေက စားဖို့တစ်ခုခု စီစဉ်ပေးထားတဲ့အခါ ၊
- နေ့လည်စာ မကျက်ခင်မှာ ရှိတာနဲ့ မီးဖိုခန်းထဲ ချက်နေတဲ့သူနဘေး ကြုံသလို စားလိုက်တဲ့ အရသာ ၊
- သီချင်း ကက်ဆက်ခွေမှန်သမျှ A side ရဲ့ ပထမ အပုဒ်မှာ ထားရတာ ၊ (ခုတော့လည်း မလိုတော့ဖူးပေါ့) ၊
- စာအုပ်တွေ၊ ကက်ဆက်ခွေတွေ၊ စီဒီတွေ ရှုပ်နေလို့ အမေ ဆူတဲ့အခါ ၊
- ကျောင်းစာမှန်သမျှကို ကျောင်းမတက်ခင် အစုံအလင် ပြင်ဆင်ဖို့ အားထုတ်ရတာ ၊
- မိုးလင်းပေါက် သီချင်းတောက်လျှောက်ဖွင့်ပြီး စိတ်လိုလက်ရ စာဖတ်ရတာ ၊
- မကြည့်ချင်တဲ့စာနဲ့ မသိချင်တဲ့အရာဆိုရင် လှည့်ကို မကြည့်ပဲထားတဲ့ အရသာ ၊
- အဖေ့ အလုပ်တွေကို အတူတူ လုပ်ရတဲ့အခါ ၊ (ဒါကြောင့်များ ဝေးသွားတဲ့နေရာကို ရောက်သွားတာလား မသိ)
- ညီမလေးတွေနဲ့ ညီမလေး သူငယ်ချင်းတွေကို စာသင်ပေးရတဲ့အခါ ၊
- သူငယ်ချင်းတွေနဲ့ ဗန်းမော်ကမုန့်ဆိုင်တွေ လှည့်စားရတဲ့အခါ ၊

x.x.x.x.x.x.x

I like it NOW!

- တစ်နေ့ ၆ နာရီ လောက် အများဆုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတာ ၊
- Parallel Job တွေ လုပ်ရတာ ( ဒီအတွက် final workdone က အမြဲနောက်ကျသွားတယ်း( ) ၊
- တစ်နေ့ကို အနည်းဆုံး အိမ်နဲ့ ၁၅ မိနစ်လောက် စကားပြောရတာ ၊
- ဖတ်ချင်တဲ့စာနဲ့ ဖတ်သင့်တဲ့စာကို တပြိုင်ထဲ ၂ခု ဖတ်နေရတာ ၊
- စွမ်းအင်တွေကို အသွင်ပြောင်းသလို feeling နဲ့ thinking ကိုလည်း အသွင်ပြောင်းလို့ရတဲ့အခါ...။

ဂျွန်မိုးအိမ်

7 comments:

ဂျွန်မိုးအိမ် said...

ဘီယာနဲ့ အရက်ကိုတောင် အကန့်အသတ်နဲ့ ကြိုက်တဲ့ MTZO :)

--- ချိုသောရေ မှန်သမျှ ကြိုက်တယ်။
--- ချိုတဲ့ ဘီယာတွေဆိုကြိုက်တယ်။
--- မခါးတဲ့ အရက်ဆိုကြိုက်တယ်။
--- ငရုတ်သီးမပါတဲ့ ဟင်းမှန်သမျှ ကြိုက်တယ်။
--- ကြံခင်း ထမင်းသုပ်ကို ကြိုက်တယ်။
--- ငယ်ငယ်တုန်းကလို ကျောက်သင်ပုန်း ၊ကျောက်တံနဲ့ စာရေးရတာကို ကြိုက်တယ်။
--- စာရေးရင်း တဒေါက်ဒေါက် မြည်သံလေးကို ကြိုက်တယ်။
--- Tracing Paper ပေါ် ပုံဆွဲရတာကို ကြိုက်တယ်။
--- အခန်းထဲမှာ စာအုပ်တွေ ပွနေတာကို ကြိုက်တယ်။
--- ဒီဇိုင်းတစ်ခုရဲ့ သမိုင်းကြောင်းတွေကို လိုက်ရှာနေရတာကို ကြိုက်တယ်။
--- ဒီဇိုင်းစာပေ မှန်သမျှကို ကြိုက်တယ်။
--- စုဆောင်းထားသမျှ စာအုပ်တွေကို အိပ်တဲ့နေရာဘေးမှာ ထားရတာကို ကြိုက်တယ်။
--- သင်းပြန့်တဲ့ မွှေးရနံ့တွေကို ကြိုက်တယ်။
--- မြင်သမျှ အရာတိုင်းကို ဒီဇိုင်နာ အမြင်ဖက်ကနေ ကြည့်ရတာကို ကြိုက်တယ်။
--- အပင်မြင်တိုင်း ဓါတ်ပုံရိုက်ရတာကို ကြိုက်တယ်။
--- ဆွဲဆောင်မှုရှိတဲ့ လိုင်းမှန်သမျှကို ကြိုက်တယ်။ :P

x.x.x.x.x

ဒါက ရွှန်းမီရဲ့ ကြိုက်ကြိုက်..တဲ့

- ကြိုက်ကြိုက် -

-- ရေရိုးရိုး သောက်ရတာ ကြိုက်တယ်
-- ငရုတ်သီးနည်းပြီး မစပ်တဲ့ဟင်းတွေ ကြိုက်တယ်
-- နံနံပင် မပါတဲ့ အသုပ်တွေကို ကြိုက်တယ်
-- ခဲတံနဲ့ စာရေးရတာ ကြိုက်တယ်
-- ခဲဖျက်မသုံးဘဲ ဘောပင်နဲ့ရေးသလို ခြစ်ပစ်ရတာကို ကြိုက်တယ်
-- facial tissue ပေါ် ဘောပင်နဲ့ ပုံလျှောက်ဆွဲရတာ ကြိုက်တယ်
-- အခန်းထဲ ပွနေတာ ကြိုက်တယ်
-- တစ်ခုခုပျောက်ရင် မတွေ့မချင်း လိုက်ရှာနေရတာ ကြိုက်တယ်
-- အရုပ်သေးသေး၊ ပစ္စည်းသေးသေးလေးတွေ ကြိုက်တယ်
-- စာအုပ်လှလှတွေ ဝယ်ပြီး ဘာမှမရေးဘဲ ထားရတာ ကြိုက်တယ်
-- ဂမုန်းပင်ဆီက အမွှေးနံ့တစ်မျိုး ထွက်နေတာကို ကြိုက်တယ်
-- အကြွေစေ့တွေနဲ့ မုန့်ဝယ်စားရတာ ကြိုက်တယ်
-- ငှက်တွေ၊ ဘဲတွေ၊ ခွေး၊ ကြောင်၊ ငါးတွေ အစာကျွေးရတာ ကြိုက်တယ်
-- ဘတ်စကားစီးရင်း မှတ်တိုင်လွန်သွားတာ ကြိုက်တယ်
-- အင်္ကျီအသစ်တွေ တဖြည်းဖြည်း ပျော့သွားတာ ကြိုက်တယ်
-- ဘာမဟုတ်တာတွေ ဓာတ်ပုံလျှောက်ရိုက်ရတာ ကြိုက်တယ်
-- သူများရေးတဲ့စာတွေ, Program code တွေ ကို တစ်ကြောင်းချင်း၊ တစ်လုံးချင်းဖတ်ပြီး အမှားလိုက်ရှာရတာ ကြိုက်တယ်
-- စာအုပ်တွေဖတ်ပြီး ချည်ထိုး၊ သိုးမွေးထိုး၊ ပန်းပွင့်လုပ်၊ အရုပ်လုပ်တာတွေ လိုက်လုပ်ကြည့်ရတာ ကြိုက်တယ်။

နေ့စဉ်ဘဝထဲမှာ ဘာတွေကို ကြိုက်မိသလဲလို့ စာရင်းလုပ်ထားတာပါ။

ကောင်းကင်ပြာပြာကြီးကို ကြိုက်တယ်မပြောချင်တော့ဘူး။ ပြာပြာ၊ မည်းမည်း၊ ရွေးစရာမှ မရှိတာ။ ပင်လယ်ပြာကိုလည်း မကြိုက်ချင်တော့ဘူး။ ညစ်ပတ်သင့်သလောက် ညစ်ပတ်နေပြီ။ ရွေးစရာနည်းလာတဲ့ထဲမှာ ရွေးလို့ရသလောက်ကိုပဲ ကြိုက်တယ်မကြိုက်ဘူး ပြောလို့ရတာ မဟုတ်လား။

x.x.x.x.x

ခနွဲ said...

တန်သင့်သလောက် ပြည့်ရင် အိမ်ပြန်မယ် ဆိုတဲ့ ကဗျာလေးကို ခံစားသွားပါကြောင်းပါ ခင်ဗျာ။

မိုးခါး said...

အိမ်လွမ်းသူချည်းပါပဲလားးး ............

ဂျွန်မိုးအိမ် said...

@ မိုးခါး
အိမ်က လွမ်းတယ်ဆိုတာထက်.. စိတ်ထဲ အမြဲ ထား ထားရုံလို့ပဲ ဆိုရမလား..။ ပုံမှန်ဆိုရင် ဘာမှ မဖြစ်ပေမယ့် April ဆိုရင် အိမ်ပြန်ချင်တယ်..။း)

မောင်မျိုး said...

အကြိက်လေးတွေက ညီမလေးတွေအကြောင်းတော်တော်များများပါတာပဲ လေးစားချစ်ခင်ဖွယ် အစ်ကိုတစ်ယောက်ပဲဖြစ်ရမယ် ညီမလေးတွေအတွက်တော့ ကံကောင်းတာပဲ ။

ဂျွန်မိုးအိမ် said...

@ ကိုမောင်မျိုး...
ဘယ်လိုဖြစ်ပြီး ညီမလေးတွေရဲ့ အစ်ကို ဖြစ်ရမှာလဲနော်..။
အစ်မ လုပ်ပါ...။း) ဒါတော့ လွဲလို့ မဖြစ်ဖူးလေ...။

မောင်မျိုး said...

ဟုတ်ပါ့ ဆောရီးဗျား) ကျွန်တော် ကျွန်တော် လို့ပြောနေတော့ ကျနော်လည်း မှားသွားတာဗျ စာဟောင်းတွေလည်း မဖတ်ဖြစ်သေးလို့လေ တကယ် ဆောရီးပါဗျာ အားနာလိုက်တား(