11 June 2011

26 လက်ဆောင်-2

ကို MMO ပေးတဲ့ မွေးနေ့လက်ဆောင် အမှတ်တရပေါ့...

ညီမလေးရေ...
အိပ်မက်လေးတစ်ရေးနိုးချိန်ကြရင်
ပေါင်းမိုးလေးဖွင့်
လေပြေလေးတွေ ပြေးထွက်နှုတ်ဆက်ခွင့်
ပြုလိုက်ပါတော့....။

ညီမလေးရေ...
ညီမလေးမက်ချင်တဲ့၊ မက်နေတဲ့
ဆိပ်ကမ်းဆိုတာ...
မှိုင်းပြပြ ညို့ဆိုင်းဆိုင်း
မြူခိုးတွေ ရစ်သိုင်းနေသတဲ့ကွယ့်...။

ညီမလေးရေ...
အနားရစ်မတူရုံနှင့်
ခွဲကြစတမ်းဆိုရင်
အိုးလုပ်ငန်းရှင်တွေ
ထမင်းငတ်ကုန်ကြမှာပေါ့...။

ဒါနဲ့ညီမလေးရေ...
ထွက်မပြေးစတမ်းလို့ ပြောထားပြီး
ငုတ်တုတ် သေဆုံးလိုက်ခြင်းကရော
သစ္စာရှိတယ်လို့ ပြောလို့ရသလား...။

ညီမလေးရေ....
စပယ်ဖွေးဖွေးတစ်ပွင်ကို
စောင့်ဖို့ နှစ်ပေါင်းများစွာ ကြာလိမ့်အုံးမတဲ့...။

ညီမလေးရေ...
အမြင့်ရောက်အောင် တက်နိုင်ဖို့အတွက်
ကြိုးတစ်ချောင်းမှာ အထုံးလေးတွေ လိုအပ်သတဲ့တယ်ကွာ...။

(အထုံးကြီး နဲ့အရုပ်ဆိုးတယ် ပြောလာရင် မသုံးတတ်လို့ပါလို့ )

ညီမလေးရေ...
စောင်းသံချိုမြမြထက်
ဂစ်တာသံ
ထက်ရှရှလေးကို
တရေးနိုးမှာ သောက်သုံးချင်နေသလား..။

ညီမလေးရေ
လရောင်ဖွေးဖွေးကို ရှက်လို့
မြစ်တစ်စင်းက
သူ့ကိုယ်သူ
ရေချိုးဆင်းသတဲ့...။

ကိုယ်တို့တွေ
အိပ်ရာမနိုးခင်
သံသရာကို အမိုးဖွင့်ဖို့....
ဖဿနှင့် ဝေဒနာကြား ဥာဏ်ထားရမယ်တဲ့....
အဲဒီနေ့မှာပဲ
ညီမလေးအတွက် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကို
တပြိုင်တည်း ကြုံနိုင်တာပေါ့...။

(ချမ်းမြေ့ပါစေ ညီမလေး)

-MMO-
ညီမလေး ဂျွန်မိုးအိမ်အတွက် အမှတ်တရ မွေးနေ့လက်ဆောင်...


ဆက်စပ်လျက်....။
25 လက်ဆောင်....

from MTZO

from Ko Harry

No comments: