01 October 2011

We live there!


ပါးစပ်ပါလို့လည်း ရွာမရောက်ဖူး
လူမသန်တွေကလည်း စကားသိပ်ပြောတယ်
ဆိတ်ဆိတ်နေမိရင်လည်း ထိတ်ထိတ်ပြီးပဲကျန်တယ်
ဒီကွေ့ကို ဒီတက်နဲ့လှော်လိုက်၊ ဟိုကွေ့ကို ဟိုတက်နဲ့လှော်လိုက်
စိန်နားကပ်အရောင်တစ်ချို့က တဖျက်ဖျက်တောက်
နေ့တဒူဝ အမှုတစ်ရာနဲ့
လမ်းဆုံးလို့လည်း ရွာမတွေ့တော့...။

ရေတစ်ချို့က နိမ့်ရာဆို မစီးပေမယ့်
မီးတွေက အောက်ထိဆင်းလောင်ချင် လောင်လိမ့်မယ်
မလျော့မတင်း စောင်းကြိုးညင်းကိုပဲ လိုက်နာရတယ်
နေ့ပြောလို့ နောက်ကြည့်စရာမလို ညပြောလို့ အောက်ကြည့်စရာမလို
ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်လူနဲ့
သီလစောင့်ရင်း အူမမတောင့်တဲ့လူနဲ့
တစ်တက် နှစ်တက် ကြက်သွန်လိုက်စားတဲ့လူနဲ့
အသက်ရှုခြင်းကွဲတာနဲ့ လူချင်းမတူဖူးတဲ့...။

နွံနစ်နေတဲ့ ပတ္တမြားတွေ များမယ်
မဏ္ဍပ်တိုင်တက်ချင်တဲ့ အလှူရှင်တွေများမယ်
မျောက်ပြလို့ ဆန်တောင်းတဲ့သူတွေများမယ်
ကျည်ထောက်စွပ် ဖြောင့်ချင်ယောင်ဆောင်တဲ့ ခွေးမြီးတိုတွေများမယ်
အသံကြောင့်လည်း ဖားမသေတော့ဖူး
ကိုယ်ကောင်းရင် ခေါင်းမရွှေ့တဲ့သူနဲ့
အလုပ်မရှိ ကြောင်ရေချိုးတဲ့သူနဲ့
သူတော်ချင်းချင်း ပေါင်းဖက်တွေ့တာပါပဲ...။

ခဲမှန်ဖူးတဲ့ စာသူငယ်နဲ့
ဆန်ပိုရချင်တဲ့ မျက်စိလည် ဖိုးသူတော်နဲ့
ဆင်သွားလို့လည်း လမ်းမဖြစ်တော့ဖူး
ငါးခုံးမလည်း သူ့ဟာသူနေ
ကျန်တဲ့ငါးလည်း ကိုယ့်ဟာကိုယ်နေ
ဒါကိုက
ပတ်ဝန်းကျင်ပါပဲ
ပိုးဖလံမျိုး မီးကိုတိုးသလို
ရဲရဲကြီး တိုးပြီး ပျော်ဝင်လိုက်ရုံ။

-ဂျွန်မိုးအိမ်-
၂၄ စက်တင်ဘာ ၂၀၁၁

footnote:
there is no idea to destroy myanmar proverb.
it is playing words and see the life in other point of view.
just wanna tie my brain & heart not to consume the extreme.
inspiration is here :)

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ငခုံးမလည်း သူ့ဖာသူနေ ကျန်တဲ့ငါးတွေလည်း မိုးအိမ်ပြောသလိုသူ့ဖာသူနေရင် ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုတ်ရတော့ဘူးပေါ့နော်
မဏ္ဍပ်တိုင်တက်နေတဲ့ အလှူရှင်တွေ ဒီလောကမှာ များမှများရယ်။။
ကိုယ်တွေလဲ ပါနေပြီလား မပြောတတ်..

ဂျွန်မိုးအိမ် said...

Wayne Dyer ပြောဖူးတယ်..။
"If you change the way you look at things, the things you look at change." တဲ့..။
အရာရာကို ကိုယ် မျှော်လင့်သလို၊ ဖြစ်စေချင်သလို မကြည့်ပဲနဲ့ မသိချင်ယောင်ဆောင်ထားတဲ့ အရာတွေကို ပြန်လိုက်ကြည့်တာပါ...။ တကယ်တော့လည်း လူမှုရေးရာဝန်းကျင်မှာ ဘယ်ဟာကိုမှ ရှောင်ဖယ်လို့ မရဖူး မဟုတ်လား..။ အတွေးတွေကို ချရေးကြည့်တော့ မြန်မာ စကားပုံတွေ ဖျက်ဆီးတယ်များ ဖြစ်နေမလား တွေးမိသေးတယ်....။ :) မဏ္ဍပ်တိုင်ဆိုတဲ့သဘောမှာ ကျွန်တော်ကတော့ တက်ရတယ် ထင်တာပဲ.. :) advertising လုပ်ခြင်းဆိုတာထက် တစ်ချို့အရာတွေက ယုံကြည်မှုတစ်ခုကို ရယူထားမှ ဆက်လျှောက်လှမ်းလို့ ရတာမဟုတ်လား..။ ဒီလိုပဲ တွေးမိတယ် :D

မိုးခါး said...

ဟုတ်တယ် ဟုတ်တယ် .. အဲလိုတွေလေ .. အဲ မျက်နှာမသစ်ရသေးပဲ ဖတ်မိနေပါ့လား .. :D

တခါတခါလည်း လူတွေကို စိတ်ကုန်မိပါရဲ့
ပြန်စဉ်းစားမိတော့ ကိုယ့်အပေါ်လဲ စိတ်ကုန်နေတဲ့လူတွေ ဘယ်လောက်များမလဲပေါ့ .. :P