22 April 2012

TURKEY - 3 : TRAVELING WITH SNOW

3.1 : Canakkale - Kusadasi - Pamukkale - Cappadocia - Ankara - Bolu

နှင်းတွေနဲ့အတူ ခရီးသွားခဲ့ဖူးသည်။
ဖွေးဖွေးလှုပ်လှုပ် ဖြူဖြူနွဲ့နွဲ့နှင်းတွေကို ဖြတ်သန်းရင်း ပျောက်ဆုံးတိမ်မြုပ်သွားသည့် မြို့ရွာတွေဆီ။အထင်ကရ Istanbul မပါဘဲနှင့်တောင် ထင်ရှားသည့် နေရာ ၁၀ ခုဆီ။ မြို့ ၆ မြို့၊ မတူညီသော အိပ်စက်ရာ Otel ၆ နေရာ။ Istanbul ကို ခဏမေ့ထားလိုက်လျှင် ကျန်သော မြို့လေး ၆ မြို့သည် သဘာဝဆန်လွန်းသည်။ အသုံးအဆောင် ပစ္စည်းတစ်ချို့ ခေတ်မီသည်။ ခေတ်လွန်ခြင်းမဟုတ်။ ရိုးရာဓလေ့ အစားအသောက် တစ်ချို့ မြင်တွေ့နိုင်သည်။ သွားနေသည့် ခရီးကိုယ်နိုက်က လွန်ခဲ့သော ရာစုနှစ်ပေါင်းစွာက အဆောက်အဦးတွေဆီဖြစ်သည့်အတွက် စိတ်ကိုယ်နိုက်က သမိုင်းကို ပြန်သွားနေခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။ လက်ရှိ ဖန်တီးထားသည့် လူ့ပတ်ဝန်းကျင်တစ်ခုထက် ဖန်တီးခဲ့ဖူးသည့်၊ တိမ်မြုပ်သွားခဲ့သည့်၊ ထိန်းသိမ်းထားရသည့် ပတ်ဝန်းကျင်အတွင်း ရက်သတ္တပတ်ခန့် စီးမျှောလိုက်ရသည့် အတွက် ခံစားမှုကိုယ်နိုက်က ရှေးခေတ်အချိန်ကို ပြန်တွေးနေခြင်းလည်း ဖြစ်မည်။ မည်သို့ဆိုစေ ပတ်ဝန်းကျင်သည် အတုအယောင် မရှိတော့သလို၊ ပကာသနများနှင့် ဝေးကွာနေသလို။ အရာရာသည် သဘာဝဆန်လွန်းသည်။

Turkey ၏ ယဉ်ကျေးမှုသည် မတူညီခြားနားသော အရာဝတ္ထုများကို ခိုင်မာမြင့်မားစွာ အတည်တကျရောယှက်နွယ်ထားသည်။ Byzantine မှ Romanesque ဆီ။ Early Middle Ages design တွေကို ခံစားနိုင်သည်။ AD400 ခန့်မှ AD1000 ခန့် ကြားကာလက ဗိသုကာများကို မြင်တွေ့နိုင်သည်။ Chruch Architecture များနှင့် Morque Architecture များ ယှက်နွယ်နေမှု၊ Mosaics, Mural Painting, Tapestry ဒီဇိုင်းများမှသည် နောက်ဆုံး Ottoman Turksih များအထိ သမိုင်းသည် ရှည်လျားလွန်းလှသည်။ သမိုင်းကို စနစ်တကျ လေ့လာခြင်း မဟုတ်သည့်အတွက် လက်ရှိ ပစ္စုပ္ပန်မှ Turkish တို့၏ နေ့စဉ်ဘ၀ကိုပဲ ပို၍ ကြည့်မိသည်။ ပို၍ခံစားမိသည်။

3.2 : Feeling for Turkish Lifestyle

Turkish တို့၏ နေ့စဉ်ဘ၀တွင် နို့ဦးထောပတ်နှင့် ပြုလုပ်ထားသော အစားအစာများ၊ သဘာဝ ဟင်းသီးဟင်းရွက်များ၊ သံလွင်ပင်မှ ပြောင်းလဲလာသော ဆပ်ပြာနှင့် အသုံးအဆောင် ပစ္စည်းများ၊ အချိုတဲစရာ Delight ၊ ပန်းသီးလက်ဘက်ရည်။ Turksih coffee ၊ ရောင်စုံ ဖန်မီးအိမ်များနှင့်..... နောက်ဆုံး Turkish Evil Eye.. အစရှိသည့် အရာများသည် စနစ်တကျ နေရာယူထားသည်။ နှစ်လိုဖွယ်ကောင်းလွန်းလှသော အထိအတွေ့၊ အရသာနှင့် အမြင်အာရုံ အရောင်စုံစုံသည် ဦးနှောက်အကန့် အသီးသီးဆီ၊ နှလုံးသားထောင့် အသွယ်သွယ်ဆီ စနစ်တကျမဟုတ်ပါပဲ စွဲမြဲစွာ မှတ်သားမိစေသည်။

Turkish Evil Eye Pendants
ရိုးရှင်းစွာ နားလည်မိသည်မှာ မလိုလားအပ်သော ပရောဂတစ်ချို့ကို ဖယ်ရှားပေးသည့် အဆောင်အယောင်တစ်ခု။ ယုံကြည်မှုများနှင့် ယှက်နွယ်သည်။ သာမာန် လည်ဆွဲတစ်ခုမှသည် တန်ဖိုးကြီး ရတနာတစ်ခုအထိ ပြောင်းလဲသွားနိုင်သည်။ အလှဆင် ပစ္စည်းတစ်ခု၊ သို့တည်းမဟုတ် Turkey ၏ icon တစ်ခု။

Turkish Lamps
အရောင်အသွေးစုံလွန်းသည်။ ပုံပန်းသဏ္ဌာန် ရိုးရှင်းသည်။ ခံထည်သည်။ တောက်ပသည်။ နွေးထွေးသည်။ Mosaic Lamps နှင့် Ottoman Lamps ဟူ၍ ကွဲပြားသည်။ Floor lamps, Table lamps, Ceiling lamps, Candle holders, Chandeliers, Wall lamps အမျိုးအစုံစုံ၊ အရောင်အသွေးအစုံစုံ၊ ဒီဇိုင်းအစုံစုံကို ကြေးနှင့် ဖန် ကို အခြေတည်၍ ထုတ်လုပ်ထားသည်။

Turkish Delight
ထူးကဲစွာ ချိုသည်ဟု ဆိုရမည်လား။ မီးအိမ်လေးများကဲ့သို့ပင် အရောင်အသွေးအစုံစုံ၊ အရသာ အစုံစုံ။ French wine, Swiss cheese, Dutch chocolate ကဲ့သို့ပင် Turkish Delight များသည် ကျော်ကြားသည်။ လက်ဆောင်ပစ္စည်းအဖြစ်ပေးလျှင် ကောင်းသကဲ့သို့ အမှတ်တရဖြစ်လောက်အောင် ဆွဲဆောင်နိုင်သည့် အရသာလည်း ရှိသည်။

Turkish Coffee & Apple Tea
Turksih တို့၏ လူမှုနေ့စဉ်ဘ၀နှင့် ရိုးရာအစဉ်အလာများတွင် ခိုင်ခိုင်မာမာ နေရာယူထားသည်။ ခါးသက်သက် Turkish coffee သည် အချိုကဲသော Turkish food & delight များနှင့် ပေါင်းစပ်သည့်အခါ ပိုမို၍ အရသာကဲလာရသည်။ ခြောက်သွေ့အေးမြသည့် Turkey ခရီးတစ်လျှောက် Turkish Apple tea သည် အနွေးဓါတ်တစ်ခု။ အချဉ်ဓါတ်အနည်းငယ်ပါသည့် ပန်းသီးလက်ဘက်ရည်သည် အကြည်ဓါတ်တစ်ခု။

Turkish Soap & Olive Oil
Tirkish Delight ကဲ့သို့ပင် အိမ်အပြန် လက်ဆောင်တစ်ခု။ နှစ်ပေါင်း ခြောက်ရာကျော် လက်ဆင့်ကမ်းလာသော ယဉ်ကျေးမှုတစ်ခုကို Turkishi soap များတွင် မြင်တွေ့နိုင်သည်။ ဓာတုပစ္စည်းများထက် သဘာဝပစ္စည်းများကိုသာ ရောစပ်ထားကြောင်း ခံစားမှု အထိအတွေ့တွင်ပင် သိသာနိုင်သည်။ သံလွင်ဆီ ကြွယ်ဝသော spa product များသည် နှစ်လိုဖွယ်ကောင်းလွန်းလှသည်။

Turkish Bath
Hamam သည် Turkish steam bath တစ်ခုဟု ဆိုနိုင်သည်။ ပူနွေးသော ရေကို အဓိက အသုံးပြု၍ အပန်းဖြေခြင်းတစ်ခုလည်း ဖြစ်သည်။ အခြေခံအားဖြင့် ပထမဦးစွာ warm room ဟု ခေါ်သော အခန်းတစ်ခုအတွင်းသို့ အရင်ဝင်ရသည်။ ထိုအခန်းအတွင်းတွင် ပူနွေးသော လေစီးကြောင်းတစ်ခုကို ခံစားနိုင်သည်။ သွေးလည်ပတ်မှုကောင်းလာစေသည့် အခန်းအတွင်းမှ hot room ဟု ခေါ်သော အခန်းသို့ ဆက်သွားလျှင် စလျှင်စချင်း ရေအေးအေးနှင့် ချိုးရသည်။ ထိုနောက်မှ ရေပူများကို ပြောင်းလဲကာ ကိုယ်ခန္ဓာအနှံ့ သန့်စင်အောင် ရေချိုးနိုင်သည်။ ထို့နောက်မှ cooling room သို့ ပြောင်းရွေ့ကာ Massage လုပ်နိုင်သည်။ Turkish Spa နှင့် massage အများစုသည် olive oil ကို အခြေတည်သော spa product များကို အသုံးပြုထားကြောင်း ခံစားနိုင်သည်။

Turkish Carpet
Turkish Carpet များသည် Persian carpet များကဲ့သို့ပင် အလယ်ခေတ်မှစတင်၍ ကျော်ကြားလာခဲ့သည်။ သိုးမွှေး၊ ပိုး နှင့် ချည် ကို အဓိက အသုံးပြုပြီး ရံဖန်ရံခါ ဆိတ်နှင့် ကုလားအုတ်မွှေးများကိုပါ ရောစပ်တတ်သည်။ ဗိသုကာနှင့် ယှက်နွယ်နေသော symbolic language တစ်ချို့ကို Turkish carpet များတွင် မြင်နိုင်သည်။

3.3 : Visit to the countryside

စိုစွတ်အေးမြသည့် Istanbul နှင်းတွေမှသည် ခြောက်သွေ့အေးမြသည့် နှင်းများဆီ။

the movement of bird, the movement of journey

ပင်လယ်ပတ်လည်ဝန်းနေသည့် ခရီးလမ်းတစ်လျှောက် မြို့လေး ၆ မြို့ဆီ။

နှင်းထီးဆောင်းထားသည့် တောင်တန်းများပေါ် လင်းလက်လာသည့် နေခြည်နှင့် အတူ။

အဖြူရောင် တောင်တန်းများတစ်လျှောက်။

စိမ်းတစ်လှည့် ဖြူတစ်ခါ။

မရိုးနိုင်သည့် ၀ပ်ဝပ်ပြားပြား တောင်တန်းများနှင့် သဘာဝလှိုက်ဂူ။

အနှစ်သက်ဆုံး soap shop

ပထမဆုံး ဟိုတယ်။

အရောင်အသွေးစုံစုံ buffet dinner


TURKEY - 3 : TRAVELING WITH SNOW

အချိန်ကာလသည် တိုတောင်းလွန်းလှသည်။
ခရီးသည် ရှည်လျားလွန်းလှသည်။
မေ့ပျောက်ရန်တော့ ခက်ခဲလွန်းပေမည်။
နိမ့်မြင့် ပြောင်းလဲနေသည့် Turkish landscape ကို ခံစားရင်း နှင်းတွေနဲ့အတူ ခရီးသွားခဲ့ဖူးသည်။
ဖွေးဖွေးလှုပ်လှုပ် ဖြူဖြူနွဲ့နွဲ့နှင်းတွေကို ဖြတ်သန်းရင်း ပျောက်ဆုံးတိမ်မြုပ်သွားသည့် မြို့ရွာတွေဆီ...။


စကားချပ် - ၁ ။ ။
ခရီးလမ်းတစ်လျှောက်လုံး Turkish lifestyle တွေကို စိတ်ရှည်လက်ရှည် နဲ့ ရှင်းပြပေးခဲ့သည့် Andies ကို ကျေးဇူးတင်မိသည်။ ကျွန်တော် ရေးခဲ့တာတစ်ချို့မှာ လွဲချော်မှုပါခဲ့လျှင်ဖြင့် နားလည်မှုလွဲမိသည့် ကျွန်တော့်အမှားသာ ဖြစ်ပါမည်။

စကားချပ် - ၂။ ။
1. Trojan Horse & Troy
2. Pergamon
3. The House of Virgin Marry
4. Ephesus
5. The White Terraces | Pamukkale
6. Acient 5 Star Hotel
7. Uranos Sarikaya
8. Kaymakli Underground City
9. Goreme Open Air Museum
10. Ataturk Mausoleum | Ankara

ကျွန်တော်နဲ့အတူ ဖြည်းဖြည်းချင်း Turkey ကို သွားလည်ကြရအောင်လား...။ မရောက်ဖူးတဲ့သူတွေအတွက် အသစ်အဆန်းတစ်ခု၊ ရောက်ဖူးတဲ့သူတွေအတွက် အမှတ်တရတစ်ခု..။ နောက် ကျွန်တော်ကိုယ်တိုင်အတွက် နောင်တစ်ချိန် ပြန်အမှတ်ရနေမယ့် အကြောင်းအရာတစ်ခုအဖြစ်ပေါ့..။ စကားလုံးတွေ ပုံရိပ်တွေနဲ့ Photo Essay တစ်ခု အဖြစ် ကျွန်တော် ကြိုးစားကြည့်ချင်ပါသေးတယ်...။ အားတဲ့ တစ်ချိန်ပေါ့လေ...။

..ဂျွန်မိုးအိမ်..

3 comments:

မိုးခါး said...

ရောက်ဖူးချင်တယ် .. နှင်းတွေ ကျတတ်တဲ့ နိုင်ငံတခုခုကို နှင်းတွေ ကျနေတဲ့အချိန် ...း)

ဂျွန်မိုးအိမ် said...

ဟုတ်တယ်...။ ကျွန်တော့်အတွက် မမေ့နိုင်တဲ့ နှင်းတွေ..။ တစ်ခါတစ်ခါ အသက်ရှုမ၀အောင် ကိုယ်ပိုင် အချိန်တွေ နည်းပါးလာတဲ့အခါ ဖြတ်သန်းခဲ့ဖူးတဲ့ နှင်းတွေနဲ့ Turkey ရဲ့ အချိန်တစ်ခုကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကို ခဏနား အခုလို ပြန်အားပေးနေရတယ်..။ နောင် ဒီလို ခရီးတွေ ရှိနိုင်သေးတယ်.. Fighting ဆိုပြီးလေ..။ မိုးခါးလည်း နှင်းတွေဆီ အမြန်ဆုံးသွားလည်ဖြစ်မှာပါ.. :)

မိုးခါး said...

သွားချင်တယ် .. ဘယ်တော့ရယ် မသိ .. သွားရင်ခေါ်ပါ :D