24 March 2013

Turkey 7 : Pamukkale & Acient 5 Stars Hotel (Caravanserais) Photo Essay

Pamukkale : Visited Date 30th January 2012



 Pamukkale လို့ခေါ်တဲ့ လှေကားထစ်ပုံ တောင်စောင်းတစ်ခုကို မမိတ်ဆက်ခင် Turkish bath အကြောင်း အရင် မိတ်ဆက်ရမယ် ထင်ပါတယ်..။ ယနေ့ခေတ်ရဲ့ Turkish Bath တွေမှာ Turks တွေရဲ့ နှစ်ပေါင်းထောင်ချီပြီး ထိန်းသိမ်းလာတဲ့ ရိုးရာရေချိုးနည်းတွေကို မြင်တွေ့နိုင်ပါသေးတယ်..။ သံလွင်ဆီကို အခြေခံတဲ့ သဘာဝ Spa Product တွေ ပေါ်များတဲ့ Turkey မှာ Turkish Bath တွေဟာ အဓိကကျတဲ့ စီးပွားရေးတစ်ခုလည်း ဖြစ်ပါတယ်..။ ထိုင်းနိုင်ငံမှာ message ဟာ ခရီးသွားလုပ်ငန်းတွေအတွက် အဓိကပေးနေတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်သလို Turkish Bath တွေဟာ အလည်လာတဲ့ ခရီးသွားတွေကို ဖမ်းစားနိုင်တဲ့ ၀န်ဆောင်မှုတစ်ခုပါပဲ..။ နောက် ရှည်လျားတဲ့ သမိုင်းအစဉ်အလာတစ်ချို့က အခြားနိုင်ငံက Bath & Message တွေထက် ပိုပြီး ညို့ငင်ဆွဲဆောင်နိုင်ပါသေးတယ်..။ ရောမခေတ်ကနေ စတင်ပြီး ရာစုနှစ်ပေါင်းများစွာဖြတ်သန်းလာခဲ့တဲ့ Turkey မှာ နောက်ဆုံး Ottoman Empire အထိ Turkish baths တွေကို မြို့ရဲ့ အဓိကကျတဲ့ နေရာအများစုမှာ တည်ဆောက်ထားတာကို မြင်တွေ့နိုင်ပါတယ်..။ Turkish Bath တွေရဲ့ အတွင်းဒီဇိုင်းဟာ ရှေးခေတ်ကာလရဲ့ခမ်းနားကြွယ်ဝမှုကိုပြဆိုလေ့ရှိပါတယ်..။ ကိုယ်တိုင် ဓါတ်ပုံရိုက်ဖို့ အခွင့်အရေး မရခဲ့လို့ google ကနေပဲ Turkish Bath တစ်ချို့ကို ရှာဖွေလိုက်ပါတယ်..။



Turkish Bath ကိုသွားမယ်ဆိုရင် အဓိက အဆင့် သုံးခုကို ပြုလုပ်ရလေ့ရှိပါတယ်..။ ပထမဦးဆုံး ပေးထားတဲ့ Cubicle ထဲမှာ သတ်မှတ်ထားတဲ့ အ၀တ်အစားကို လဲလှယ်ဝတ်ဆင်ရပါတယ်..။ အခြားနိုင်ငံက Bath တွေနဲ့ သိပ်မကွာခြားပါဖူး..။ သို့ပေမယ့် သင်ဟာ သူတို့သတ်မှတ်ထားတဲ့ အ၀တ်အစားကို လဲလှယ်ဝတ်ဆင်ခြင်း မပြုပဲ Bath ကို တိုက်ရိုက်သွားမယ်ဆိုရင်တော့ ရိုင်းစိုင်းတဲ့လူတစ်မျိုးဆိုပြီး သတ်မှတ်လေ့ရှိပါတယ်..။ အ၀တ်လဲပြီးရင်တော့ ပထမဦးဆုံး Hot Room အခန်းထဲကို ၀င်ရပါတယ်..။ အဲ့ဒီအခန်းထဲမှာ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှု ကောင်းအောင်နဲ့ ချွေးထွက်လာစေဖို့အတွက် လေပူတစ်ချို့ လွတ်ထားပေးပါတယ်..။ နောက် Bath မသွားခင်မှာ Message အရင် လုပ်နိုင်ပါတယ်..။ Hot Room ပြီးရင်တော့ ဒုတိယအနေနဲ့ Warm Room ကို ပို့ပေးပါတယ်..။ Bath လုပ်တဲ့ အခန်းပါ။ Turkish Bath တွေထဲမှာ အလှဆုံး အခန်းလည်း ဖြစ်ပါတယ်..။ ရေပူကို အဓိက အသုံးပြုပြီး Scrub လုပ်ပြီး ရေချိုးပေးပါတယ်..။ အလယ်မှာ ရေချိုးမယ့်သူက လဲလျောင်းပြီး ရေချိုးပေးမယ့်သူက ဘေးတစ်ဖက်ဆီက Tap တွေက Hot water တွေကို သယ်လာပြီး ရေချိုးပေးပါတယ်..။ အလယ်တည့်တည့်က ရေချိုးမယ့်နေရာ အပေါ်မှာ Central Dome ပုံ Ceiling တွေ ရှိတတ်ပါတယ်..။ အဲ့ဒီအချိန်မှာ Bath လုပ်ခြင်းထက် Turkish Warm Room ရဲ့ ဒီဇိုင်းက tourist တော်တော်များများကို ပိုပြီး ဖမ်းစားစေမယ်ထင်ပါတယ်..။ ကျွန်တော့်အတွက်တော့ Turkish Bathroom က ဆွဲဆောင်မှု အပြည့်ရှိနေတယ်လို့ ခံစားရပါတယ်..။
နောက် Warm Room မှာ အဓိက အသုံးပြုတာကလည်း သံလွင်ဆီကို အခြေခံထားတဲ့ Turkish soap နဲ့ အထူး တဘက်များပဲ ဖြစ်ပါတယ်..။ Bath လုပ်ခြင်းကို နှစ်သက်တဲ့သူတွေအတွက်ကတော့ Turkish Bath ကို တစ်ခါသွားပြီးရင် ဘယ်လို Spa Product ကို ၀ယ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်သွားမယ် ထင်ပါတယ်..။ နောက်ဆုံးမှာတော့ cool room ကို သွားရပါတယ်..။ အ၀တ်အစားလှဲ၊ သံလွင်ဆီနဲ့ Message လုပ်ပြီးရင်တော့ နောက်ဆုံး Apple Tea တစ်ခွက် ပေးလေ့ရှိပါတယ်..။ အောက်က ပုံကတော့ သွားတုန်းက ဓါတ်ပုံရိုက်ဖို့ အခြေအနေ မပေးခဲ့လို့ google ကနေ ပြန်ရှာထားတာ ဖြစ်ပါတယ်..။ Pamukkale ကတော့ Turkish Bath ကို နှစ်သက်ပြီး အနားယူ အပန်းဖြေဖို့သက်သက်လာလိုတဲ့ ခရီးသွားအများစုကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်..။ Pamukkale ကို turkish လို Cotton Castle လို့ ခေခ်ါပါတယ်..။ မြေအောက် မီးတောင်လှုပ်ရှားမှုကြောင့် ပေါ်လာတာတဲ့ ရေပူစမ်းတွေ(၁၇) ခု ရှိနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်..။ ဘူမိဗေဒအရ Travertine နဲ့ carbonate mineral တွေက စီးဆင်းနေတဲ့ စမ်းချောင်းတစ်လျှောက်မှာ တည်ရှိနေတတ်တာကြောင့် ရေပူစမ်းများ ဖြစ်လာတာပါ..။

(ကျွန်တော့်ဇာတိ ဗန်းမော်က ရေပူစမ်းလို သမိုင်းရာဇ၀င် ရှိမရှိတော့ ကျွန်တော် မသိပါဖူး....)


ယခင်တုန်းကတော့ Pamukkale ရဲ့ လှေကားထစ်လို တောင်စောင်းတစ်လျှောက်မှာ ခရီးသွားတွေကို ရေချိုးခွင့် ပြုထားပါတယ်..။ နောက်ပိုင်းမှာ ပတ်ဝန်းကျင် ညစ်ညမ်းလာမှုကြောင့် ရေချိုးခွင့်ကို ပိတ်ပင်လိုက်ပါတယ်..။ ဟိုးယခင်တုန်းကတော့ မိန်းကလေးတစ်ယောက်ဟာ Pamukkale မှာရေသွားချိုးရင် ယခင်ကထက် ပိုပြီးလှပလာတယ်လို့ အယုံအကြည်ရှိပါတယ်..။ လက်တွေ့ကျကျတွေးကြည့်မိရင်တော့ အချိန်တစ်ခုယူပြီး အနားယူရေချိုးတာမျိုး ဖြစ်တဲ့အတွက် လှပလာတယ်ဆိုတာထက် ပိုပြီး လန်းလန်းဆန်းဆန်းဖြစ်လာတာမျိုးပဲ ဖြစ်နိုင်ပါတယ်..။ တစ်ခါတစ်ခါ အယူဝါဒတွေထက် ပိုပြီး လက်တွေ့ကျတာတွေ စဉ်းစားလွန်းပြန်တော့လည်း ကျွန်တော့်အတွက် Pamukkale မှာ ရေချိုးချင်စိတ် မရှိပါဖူး..။  တောင်စောင်းတစ်လျှောက်မှာ ရေညှိတွေနဲ့ ချောနေနိုင်တာရယ်.. နောက် ရေပူစမ်းကထွက်လာတဲ့ အငွေ့တွေရယ်ကြောင့် ဓါတ်ပုံကောင်းကောင်းရိုက်ဖို့ မလွယ်တဲ့ နေရာလည်းဖြစ်ပါတယ်..။ 

သို့ပေမယ့် Parmukkale ကိုရောက်သွားရင် ဒီလိုနေရာမျိုး ကမ္ဘာကြီးရဲ့တစ်နေရာရာမှာ ပြန်လည်ဖန်တီးဖို့ မလွယ်ဖူးဆိုတာကို တွေးမိနိုင်သလို ရင်သက်ရှုမောလည်း ဖြစ်နိုင်ပါတယ်..။ ဒါကြောင့်လည်း Tourist Attraction အနေနဲ့ 1988 မှာ World Heritage Site အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်..။  ဒီ Wiki Link မှာ သေချာ ဖတ်နိုင်ပါတယ်..။ Pamukkale မှာ တော့ စိုထိုင်းမှုတွေ များလွန်းတာရယ်... နောက် ရေပူစမ်းရှိနေပေမယ့် အအေးလွန်ကဲလွန်းတာကြောင့် ဓါတ်ပုံ သိပ်မရိုက်နိုင်ပါဖူး..။ Troy လို ၊ Ephesus လို နေရာတွေထက် relax ဖြစ်တဲ့နေရာတွေ နဲ့ landscape အလှအပကို ပိုပြီးနှစ်သက်တဲ့သူတွေကတော့ Pamukkale ကို နှစ်သက်မှာ သေချာပါတယ်...။

  ------- 

Acient 5 Stars Hotel : Visited Date 31th January 2012 



Pamukkale ပြီးတဲ့နောက် ရောက်ဖြစ်တဲ့နေရာက Caravanserais လို့ ခေါ်ပါတယ်..။ ၁၀ ရာစုနှစ်ကတည်းက Turkey နဲ့ မြေထဲပင်လယ်ဒေသတစ်ချို့ကို ကုန်သွယ်နေတဲ့ ကုန်သည်တစ်ချို့အတွက် ခရီးတစ်ထောက်နား၊ သူတို့ရဲ့ တိရ စ္ဆာန်တွေကို အစာရေဆာ ဖြည့်ပေးဖို့ နားတဲ့ နေရာလေးပါ။ အခုခေတ် standard နဲ့ခေါ်ရရင်တော့ Acient 5 Stars Hotel ပေါ့လေ့..။ Caravan Palaces လို့လည်း ခေါ်ပါတယ်..။



စပြီး တည်ဆောက်ခါစက နိုင်ငံရေးအရ စစ်တပ်အတွက် အသုံးပြုမယ့် အဆောက်အဦးပါ..။ နောက်ပိုင်းမှာတော့ တိုးချဲ့တည်ဆောက်ပြီး ဘာသာရေးနဲ့ ခရီးသွားတွေအတွက် ပြောင်းလဲပေးခဲ့တဲ့ အဆောက်အဦး ဖြစ်ပါတယ်...။ ဒီအဆောက်အဦးကို တည်ဆောက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီခေတ်အခါက ခရီးသွား ကုန်သည်တွေအတွက် လုံခြုံရေးအတွက် ပိုပြီးကောင်းမွန်တဲ့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်..။









အဆောက်အဦးရဲ့ Curved Portal ဟာ သိပ်ကိုလှပလွန်းတယ်ဆိုတာ မြင်တာနဲ့ လက်ခံမိပါတယ်..။ 

Antalya - Konya - Kayseri ကနေ Erzurum နဲ့ Tbriz ကိုဖြတ်ပြီး ထိုမှတဆင့် Black Sea ကနေ Iraq, Amasya - Tokat - Sivas - Malatya - Diyarbakir စတဲ့ နေရာတွေကို ကုန်သွယ်ဖို့ သွားနေတဲ့ ကုန်သည်တွေအတွက်ကတော့ Caravanserais ဟာ အလွန်အရေးပါတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်..။

 

Caravanserais ပြီးတဲ့နောက် Hanem Art Center ကို ၀င်ဖြစ်ပါတယ်..။ ထွေထွေထူးထူးတော့ မရှိပါဖူး..။ အသစ်အဆန်း ဖြစ်တယ်ဆိုရုံပေါ့..။ အပူပိုင်း အာရှကလာတဲ့ ကျွန်တော့်တို့အတွက်ကတော့ မတူညီတဲ့ အဆောက်အဦး ဒီဇိုင်းတွေနဲ့ အတွင်းဒီဇိုင်းတွေက ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာကြီးပါပဲ...။



အခု နေရာအားလုံးဟာ Cappadocia မှာ ရှိပါတယ်..။ Turkish ရဲ့ နာမည်ကျော် Hot Airballoon အတွေ့အကြုံကိုလည်း သွားယူနိုင်ပါတယ်..။ ကောင်းကင်တစ်နေရာကနေ Turkish Landscape ဟာ ဘယ်လောက်လှလည်းဆိုတာကို ခံစားနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်..။ အဲ့ဒီတုန်းက ကျောင်းတက်နေတဲ့ ကျွန်တော့်အတွက်ကတော့ budget အခြေအနေအရရော..၊ နောက် ကိုယ်တိုင်ကလည်း သတ္တိသိပ်မရှိတဲ့သူ ဖြစ်နေတာကြောင့်ရော Hot Airballoon ကို မစမ်းသပ်ဖြစ်ခဲ့ပါဖူး..။ ဒီတစ်လော Egypt မှာဖြစ်ခဲ့တဲ့ Hot Air Balloon Accident ကိုသာ အဲ့ဒီတုန်းက သိခဲ့ရင် စမ်းသပ်ချင်စိတ်လည်း ရာခိုင်နှုန်း သုညမှာ ရှိနေခဲ့မယ် ထင်ပါတယ်..။ ဒါပေမယ့် တစ်ချိန်ချိန်တော့ Hot Air Balloon အတွေ့အကြုံယူချင်ပါသေးတယ်..။ 

နောက် ခရီးတွေမှာတော့ စကားလုံးတွေနဲ့ ကျွန်တော် Underground city, Open Museum, Mausoleum ဆီ အလည် ပြန်သွားချင်ပါသေးတယ်..။ နောက်ဆုံး Istanbul ကို ပြန်မရောက်ခင်ပေါ့..။ ဒီတလော ဘာသာရေး အဓိကရုဏ်းတွေဖြစ်နေတယ်..။ ကျွန်တော့်အတွက်ကတော့ ဘယ်နေရာ၊ ဘယ်ဒေသဖြစ်ဖြစ် Landscape, History နဲ့ Art & Design တွေဟာ စိတ်ဝင်စားစရာပါပဲ...။ အရာအားလုံး ငြိမ်းချမ်းနေရင် ပိုကောင်းတာပေါ့လေ...။

ဂျွန်မိုးအိမ်

No comments: