22 April 2013

ကိုယ်တိုင်ပေး Alert !


ကျွန်တော်တို့ ထင်သလောက် မပျော်နေဖူး ဆိုတဲ့အကြောင်း
ပျော်ပျော်ကြီး ပြောနိုင်တဲ့ တစ်နေ့ကို လက်ချိုး ရေကြည့်မှ
ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ ပျောက်မိတဲ့အဖြစ်။
မျှော်လင့်ချက် ဆိုတဲ့ ကောင်ကလည်း
လမ်းကြုံ အလည်ရောက်တတ်တဲ့ ဧည့်သည်မှ မဟုတ်ပဲကွယ်
ဝမ်းပန်းတသာ ကြိုဆိုဖို့ ကိုယ်တိုင်တောင်
ပျော်လား မပျော်လား ဝေခွဲမရတာကိုက မှားနေခဲ့တာ။
မဖြစ်သေးတာကိုပဲ ရေတွက်မိနေတာလား
မဖြစ်နိုင်တာကိုပဲ အိပ်မက်မိနေတာလား
သံတူကြောင်းကွဲ စကားလုံးတွေကို ကစားတော့
အချိန်တစ်ချို့က လွဲမှားစွာ ပျောက်ဆုံးတယ်။
တိတ်တိတ်လေးပဲ ပိတ်ထားလိုက်ပါတယ်
တစ်ချို့တံခါးတွေက ထွက်ပြီးရင် ပြန်ဝင်လို့တော့ ရဦးမယ်လား
နေ မ၀င်ခင်တော့ ဒီခရီး ရောက်ချင် ရောက်သွားဦးမှာ
လေကြောင်းကို နားလည်ခြင်းတစ်မျိုးမှာ
အားပျော့တဲ့အချိန် အားလျော့ပြီး အလိုက်သင့် ပျံသန်းတတ်ရသတဲ့။
သိထားဖို့ လိုတဲ့တစ်ချို့အရာတွေကို
သိထားရတာက ပုံမှန်ထက် နည်းနည်း ခံစားရရုံပါ
ပျော်တတ်အောင် ပျော်ဖို့လိုတဲ့အကြောင်း
နည်းနည်း ပိုသိလိုက်ဖို့ သတိပေးမိရုံ။
ဂျွန်မိုးအိမ်
28 March 2011

No comments: