01 May 2014

Tall Building Trends and Drivers

Tall building!
High-rise building!
အထက်မြင့် အဆောက်အဦး။

မြို့ပြ၏ ပြယုဂ်တစ်ခု။ နိုင်ငံတစ်နိုင်ငံ၏ သင်္ကေတတစ်ခု။ လူသားတစ်ချို့၏ မှတ်တိုင်။ နည်းပညာ ဖွံ့ဖြိုးမှု၏ မှတ်ကျောက်တစ်ခု။ လူသားများစွာအတွက် လွှမ်းမိုးမှုတစ်ခု။

၁၈၈၅ ခုနှစ်တွင် Chicago မြို့တော်၌ တည်ဆောက်ခဲ့သော Home Insurance အဆောက်အဦးမှသည် နောက်ဆုံး ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော Dubai ရှိ Burji Dubai အဆောက်အဦးအထိ အထက်မြင့် အဆောက်အဦးများ၏ "HEIGHT - အမြင့် " သည် ပထမဦးဆုံးအနေဖြင့် စဉ်းစားသင့်သော အခြေခံကျသည့် အချက်တစ်ခု ဖြစ်ခဲ့သည်။
*** Tall building trend in HEIGHT from CTBUH

၁၉၉၀ ခုနှစ်နောက်ပိုင်း အထင်ကရ အထက်မြင့် အဆောက်အဦး အနည်းငယ်တည်ဆောက်ခြင်းမှသည် အရေအတွက်များစွာသော အထက်မြင့် အဆောက်အဦးများစွာကို ကမ္ဘာအနှံ့တွင် တည်ဆောက်လာခဲ့ကြသည်။ တိုးတက်လာသော အထက်မြင့် အဆောက်အဦး " အရေအတွက် - NUMBER " သည် အထက်မြင့် အဆောက်အဦးများ၏ ဒီဇိုင်း တိုးတက်ပြောင်းလဲလာမှုအား တွန်းအားပေးခဲ့သော အချက်တစ်ခု ဖြစ်ခဲ့သည်။
*** Tall building trend in NUMBER from CTBUH

၁၉၃၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ အထက်မြင့် အဆောက်အဦးများ၏ တည်နေရာသည် မြောက်အမေရိကတိုက်တွင် တည်ရှိခဲ့သည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း အရှေ့ ကမ္ဘာခြမ်း၏ စီးပွားရေး တိုးတက်ပြောင်းလဲလာမှုသည် အထက်မြင့် အဆောက်အဦးများ၏ "တည်နေရာ- LOCATION" အား ပြောင်းလဲစေခဲ့သည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အာရှနှင့် ဥရောပရှိ အထက်မြင့် အဆောက်အဦး အရေအတွက်သည် အနောက်ကမ္ဘာခြမ်းထက် ကျော်လွန်လာခဲ့သည်။
 
*** Tall building trend in LOCATION from CTBUH

၁၉၃၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ အစိုးရရုံးနှင့် ပုဂ္ဂလိကရုံးများတည်ဆောက်မှုသည်အသာ အထက်မြင့် အဆောက်အဦးတည်ဆောက်လိုမှုကို တွန်းအားပေးခဲ့သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အထက်မြင့် လူနေအိမ် အဆောက်အဦးများတည်ဆောက်မှုသည် အထက်မြင့် ရုံးအဆောက်အဦး တည်ဆောက်မှုထက် ကျော်လွန်လာခဲ့သည်။ တစ်နည်းအားဖြင့် အဆောက်အဦးအား အသုံးပြုသည့် FUNCTION ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
 
*** Tall building trend in FUNCTION from CTBUH

၂၀၀၀ ခုနှစ်နောက်ပိုင်း အထက်မြင့် အဆောက်အဦးများ၏ ဒီဇိုင်းနှင့် သွင်ပြင် လက္ခဏာသည် စီးပွားရေး၊ နိုင်ငံရေး၊ နည်းပညာတိုးတက်မှုများအပေါ်တွင်သာ မူတည်မနေတော့ဘဲ Title / Motivation / Imagination / Fashionable Icon / Sustainability / Energy Use စသည့် အချက်ပေါင်းများစွာအပေါ်မူတည်၍ ပြောင်းလဲလာခဲ့သည်။
 
*** Pre-2000 and Post 2000 Global Tall Building (Image: Oldfiled. P and Google)

သို့ဆိုလျှင်... မည်သည့်အရာတွေက ထို အထက်မြင့် အဆောက်အဦးများ တည်ဆောက်မှုကို တွန်းအားပေးခဲ့ပါသနည်း။ မည့်သည့်အရာတွေက ထို အထက်မြင့် အဆောက်အဦးများ တည်ဆောက်မှုကို ရပ်တန့်စေခဲ့ပါသနည်း။ မည်သည့်အရာတွေက  ထို အထက်မြင့် အဆောက်အဦးများ၏ ဒီဇိုင်း သွင်ပြင် လက္ခဏာကို ပြောင်းလဲစေခဲ့ပါသနည်း။
အခြေခံအားဖြင့် တန်ဖိုးမြင့်မားလာသည့် downtown area တစ်ချို့၏ မြေတန်ဖိုး၏ တောင်းဆိုချက် (Land Prices)၊ လူဦးရေနှင့် ခေတ်သစ် မြို့ပြတည်ဆောက်မှု အခင်းအကျင်း၏ တောင်းဆိုချက်၊ Global Icon အဖြစ် လူသားတို့ တန်ဖိုးသတ်မှတ်လိုမှုတို့သည် ကမ္ဘာအနှံ့တွင် အထက်မြင့် အဆောက်အဦးများ တည်ဆောက်မှုအား ပြောင်းလဲစေခဲ့သည်။
 
*** 1987 Shanghai and 2013 Shanghai (Image: Google)

*** 1991 Dubai and 2005 Dubai (Image: Google)
*** 2013 London Skyline (Image: Google) and 2006 Paris Skylines by Taylor Miles

*** 1920 Yangon Skyline (Image : Yangon Heritage Trust)
 


*** 2012 Yangon Night (Image: Nyi Lynn Seck)

၁၉၈၇ ခုနှစ် Shanghai နှင့် ၂၀၁၃ ခုနှစ် Shanghai သည် ပြောင်းလဲလာသကဲ့သို့ ၁၉၉၁ ခုနှစ် Dubai နှင့် ၂၀၀၅ ခုနှစ် Dubai သည် တခြားဆီ ဖြစ်ခဲ့လေပြီ။ သမိုင်းတွင်သည့် မြို့ပြအခင်းအကျင်းကို တန်ဖိုးထားလွန်းသော London နှင့် Paris မြို့တော်ကြီးများသည်လည်း အထက်မြင့် အဆောက်အဦးများ၏ လိုအပ်မှုနှင့် တောင်းဆိုမှုကို လွန်ဆန်ရန်ခက်ခဲလွန်းလာခဲ့ပြီ။ ၂၀၀၆ ခုနှစ် London နှင့် ၂၀၁၃ ခုနှစ် London သည် မတူနိုင်တော့ပြီ။ The Shard မှ နောင် အထက်မြင့် အဆောက်အဦးများစွာတို့သည် London skyline အတွင်း တိုးဝင်ရန် အားယူနေကြသည်။ Eiffel Tower နှင့် Paris Skyline သည် နောင် ဘယ်နှစ်နှစ်အထိ တည်တံ့နေပါမည်နည်း။ ၁၉၂၀ ခုနှစ် ရန်ကုန်သည် အရှေ့တောင်အာရှ၏ ခေတ်အမီဆုံးနှင့် အလှပဆုံး မြို့တော်ဖြစ်ခဲ့သည်။ ၂၀၁၂ ရန်ကုန်နှင့် နောင် အနာဂတ်ရန်ကုန်သည် မည်သို့ပြောင်းလဲလာမည်နည်း။

Land Price, Population and Urbanisation, Global Icon စသည့် အချက်များသည် အထက်မြင့် အဆောက်အဦးများ တိုးတက်ပြောင်းလဲမှုကို အဓိကမောင်းနှင်ခဲ့ကြသည်။ အထက်မြင့် အဆောက်အဦး အမျိုးမျိုးသည် ဖန်တီးသူနှင့် အသုံးပြုသူတို့၏ စံသတ်မှတ်မှုနှင့် အချိန်ကာလ၏ အဆုံးအဖြတ်အပေါ်မူတည်၍ တန်ဖိုးပြောင်းလဲလျက်ရှိသည်။ ယနေ့ခေတ် ယနေ့အချိန်တွင် မည်သည့်အချက်သည် အထက်မြင့် အဆောက်အဦးများ တည်ဆောက်မှုကို အဓိက ဆုံးဖြတ်နေပါသနည်း၊ Sustainablility and Compact Cities ဟု research အများစု၊ ပညာရှင် အများစုက အဆိုပြုကြသည်။

သို့ဆိုလျှင် မည်သည့်အရာကို Sustainability ဟု ခေါ်ဆိုပါသနည်း။ မြန်၊ ကောင်း၊ သက်သာ၊ ခိုင်ခံ့ စသည့် အခြေခံ သတ်မှတ်ချက်သည်လား။ Eco house ဟု ခေါ်ဆိုနေကြသော အဆောက်အဦးများ အထက်မြင့် ဖြစ်လာသည်လား။ Green building ဟု သတ်မှတ်ထားသည့် အဆောက်အဦးများလား။ သစ်ပင်ပန်းမန်များအား အဆောက်အဦးတွင် အလှဆင်ခြင်း သက်သက်လား။ Software များက ပေးဆောင်သော default setting များဖြင့် analysis လုပ်ထားသော အဆောက်အဦးများသည်လား။ Green Life သို့ ဦးတည်ခြင်းလား။ Green Wash အဖြစ် လုပ်ဆောင်နေကြသည်လား။ ကျပ်သိပ်သည်းနေသော မြို့ပြဖွဲ့စည်းမှုလား။ မေးခွန်းအမျိုးမျိုးအတွက် လေ့လာမှုအဖုံဖုံ။

မည်သို့ဆိုစေ အသစ်အသစ်သော အထက်မြင့် အဆောက်အဦးများကို ကျွန်တော်တို့ ရင်ခုန်လှိုက်မောစွာ ဖန်တီးကြပေဦးမည်။

ဂျွန်မိုးအိမ်
၁ မေ ၂၀၁၄
Ref:
WOOD, A. & OLDFIELD, P. (2009). Global Trends in High-Rise Design. In: MEI, H., ZHU, Y., eds. The New Trends of the Creation of High-Rise Building.
http://www.ctbuh.org/

Image Resource : Philip Oldfield, Nyi Lynn Seck, Taylor Miles, Google.


စကားချပ်  - ၁ ။
ဒီတစ်နှစ်ရဲ့ May 1 က အများအတွက်ကတော့ International workers' day တစ်နည်းအားဖြင့် holiday....
MEF အတွက်ကတော့ forum တည်ထောင်တဲ့ ခြောက်နှစ်ပြည့်....။ အချိန်တွေ အကုန်မြန်လွန်းတယ်...။ HPBD MEF. You are a part of my life. 

စကားချပ် - ၂ ။
မနှစ်က Sustainable History of Tall Building ကိုရေးပြီး ကိုးလ အကြာမှာမှ ဒီ ပို့စ်ကို တင်ဖြစ်ပါတယ်..။ ကျောင်း နဲ့ ရုံးနဲ့ အလုပ်များနေတာကြောင့်လည်း ပါသလို ပျင်းနေခဲ့တာကြောင့်လည်း ပါ ပါတယ်..။  မနေ့က မဖတ်တာကြာပြီဖြစ်တဲ့ Cynthia ရဲ့ Blog ကို သွားဖတ်ဖြစ်ပါတယ်..။ အသက် ခြောက်ဆယ်ကျော် အမျိုးသမီးတစ်ဦးရဲ့ Blog ပါ...။ ကျွန်တော့်အတွက်တော့ နှလုံးသားနဲ့ ဦးနှောက်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို အမြဲရတဲ့ blog ပါ...။ အဲ့ဒီနောက် ဒီ ပို့စ်ကို အဆုံးသတ်ဖြစ်ပါတယ်...။  တကယ်လို့များ အချိန်တွေ အဆင်ပြေခဲ့ရင် Tall Building တွေ ရဲ့ ကျဆုံးခန်း၊ Social & Public Space တွေရဲ့ ကျဆုံးခန်းနဲ့ ပြောင်းလဲသွားတဲ့ Urban Space တွေအကြောင်းကို Sustainable view ကနေ ရေးထားတာလေး တင်ဖို့ ကြိုးစားပါဦးမယ်...။